Headlines News :
Home » » ခြေရာပျောက်မြစ် (ကိုယ်တိုင်ရေး မြန်မာ့သမိုင်း)

ခြေရာပျောက်မြစ် (ကိုယ်တိုင်ရေး မြန်မာ့သမိုင်း)

Written By MyanMar on Tuesday | 7:05 PM




သန့်မြင့်ဦး မြူခိုးများအုံ့ဆိုင်းနေသော တနင်္သာရီ ရိုးမအနီး အစိုးရကို တော်လှန်သူများ အခြေစိုက်သည့်နေရာသို့ တက္ကသိုလ်မှ ဘွဲ့ရပြီးစ သန့်မြင့်ဦး ၁၉၈၈ ခုနှစ် အတွင်း ရောက်ရှိနေသည်။ သူသည် မြန်မာနိုင်ငံပြင်ပတွင် ကြီးပြင်းလာခဲ့သူ တစ်ဦးဖြစ်သော်လည်း နိုင်ငံ၏ အပြောင်း အလဲကို မြင်လိုသည့်အားလျော်စွာ ထိုအရာဖြစ်မြောက်အောင် ဆောင်ရွက် နေသူများနှင့် လက်တွဲလိုသည်။ သို့ရာ တွင် အပြောင်းအလဲကို အကြမ်းဖက် သော နည်းဖြင့်ရယူရန် မယုံကြည်သည့် သူသည် လက်နက်ကိုင်တော်လှန်သူ များနှင့် လမ်းခွဲခဲ့သည်။ နောက် မြန်မာ့ တော်လှန်ရေးလှုပ်ရှားမှုများမှ ဘေးထွက် လိုက်ပြီး ကုလသမဂ္ဂတွင် အလုပ်ဝင် ကာ မြန်မာနိုင်ငံထက် ပိုဆိုးသည့် ဖနွမ်းပင် နှင့် ဆာရာရေဗိုတို့သို့ သွားရောက်သည်။ နောက် ခေတ်သစ်သမိုင်းဘာသာရပ်ဖြင့် ဘွဲ့လွန်တက်သည်။ ဤသည်တို့မှာ သန့်မြင့်ဦးက The River of Lost Footstep : A Personal History of Burma အမည်ဖြင့် ရေးသားထားသော စာအုပ်ကို မြနှင်းဆီက ခြေရာပျောက်မြစ် (ကိုယ်တိုင်ရေး မြန်မာ့သမိုင်း) အမည် ဖြင့် ဘာသာပြန်ဆိုထားသည့်စာအုပ်၏ အဖွင့်နိဒါန်း အကျဉ်းချုပ်ဖြစ်သည်။

ခြေရာပျောက်မြစ်သည် မြန်မာ ဟုခေါ်ဆိုသူများ ယခုလက်ရှိ မြန်မာ နိုင်ငံသို့ ပျံ့နှံ့ဝင်ရောက် ရောက်ရှိလာ သည့် သမိုင်းအစအကြောင်းအရာများမှ မျက်မှောက်ခေတ်၏ ၂၀၀၇ အရေးအခင်း အချိန်ထိ သမိုင်းကြောင်းများကို ရေးသား ထားသည့် စာအုပ်ဖြစ်သည်။ ထူးခြား သည်မှာယခင်က မြန်မာ့သမိုင်းစာအုပ် များတွင် စိစစ် ဖြတ်တောက်ခံထားရ၍ ပြတ်တောက် ခဲ့သောအကြောင်းအရာ၊ ရှုထောင့်၊ အရေးအသားများနှင့် စကားလုံး များကို ယခုစာအုပ်တွင် ဖတ်ရှုနိုင်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ခြေရာပျောက်မြစ်မှ တစ်ဆင့် မြန်မာ့သမိုင်း လေ့လာလိုသူ များနှင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စား သူများ မြန်မာ့နိုင်ငံရေးခရီးရှည်ကြီးကို နှစ်ပေါင်းများစွာ ပြန်လည်ခရီးနှင် ကြည့်ရှုနိုင်စေမည်ဖြစ်သည်။

မြန်မာ့သမိုင်းအကြောင်းအရာများ ကို နိုင်ငံတကာမှ ခေတ်ပြိုင်သမိုင်းများ နှင့်အတူတကွ ယှဉ်တွဲဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ့သမိုင်း သက်သက် ထက်ပို၍ မြန်မာနှင့်ကမ္ဘာ၏ အတိတ် ကာလကအဆက်အစပ်များ၊ ကမ္ဘာပြု ခြင်းလှိုင်းများတွင် ပါဝင်ရန် သက်ဦး ဆံပိုင်ဘုရင်များ လက်ထက်က မည်သို့ ကြိုးပမ်းအားထုတ်ခဲ့ပုံများနှင့် ခေတ် အဆက်ဆက် မြန်မာ့နိုင်ငံရေးအပြောင်း အလဲများ၏ အကြောင်းအရင်းနှင့် လက်သည်များကိုလည်း သိရှိနိုင်မည် ဖြစ်သည်။
သမိုင်းအစပိုင်းများတွင် မြန်မာ နိုင်ငံ၏ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ဘုရင်များနှင့် သူတို့၏ အားပြိုင်မှုများကို ခေတ်ပြိုင် နိုင်ငံရေးများအဖြစ် ယှဉ်တွဲဖော်ပြထား သည်မှာ ယခင်က ပြတ်တောင်း ပြတ်တောင်းကြည့်ရှုထားသော ဇာတ်ကား ဟောင်းများကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းရှည်ကြီးအဖြစ် တစ်ဆက် တည်း ကြည့်မိသွားသည့်သဖွယ် အချိတ် အဆက်မိသွားစေသည်။

အခြားနေရာများတွင် မမြင်ရနိုင် သည့် ဓာတ်ပုံစာမျက်နှာအချို့ပါဝင် သည့် ထိုသမိုင်းစာအုပ်ကို စာမျက်နှာ ၆၇၀ ဖြင့် အခန်း ၁၃ ခန်းခွဲပြီး ဖော်ပြ ထားရာ ပုံမှန်ဝတ္ထုစာအုပ်သုံးအုပ်နီးပါး စာဖတ်ရှုရမည့်စာအုပ်ဖြစ်သည်။ ဘုရင် ခေတ်က အဖြစ်အပျက်များ၏ သမိုင်း မှတ်တမ်းတင်သက္ကရာဇ်များကို ခရစ်နှစ် များနှင့် ဖော်ပြထားသဖြင့် ခေတ်ပြိုင် နိုင်ငံတကာသမိုင်းများနှင့် ယှဉ်ထိုးနှိုင်း ဆဖတ်ရှုရာတွင် များစွာအသုံးဝင်သည်။ ထို့ပြင် နိုင်ငံတကာမှ သမိုင်းမှတ်တမ်း များစွာကို ကိုးကားရေးသားထားသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာနှင့် မြန်မာ့သမိုင်းအပေါ် သုံးသပ်ချက်များ ကိုပါ ယခုစာအုပ်မှတစ်ဆင့် တစ်စွန်း တစ်စမြင်ရသည်။

တန်ဖိုးထားရမည့် သမိုင်းပြဋ္ဌာန်း စာအုပ်တစ်အုပ်သဖွယ် အသုံးဝင်သည့် စာအုပ်ဖြစ်သော်လည်း မြန်မာ့သမိုင်းစာ မျက်နှာအတော်များများတွင် ပါဝင် သည့် ပုဂ္ဂိုလ်အချို့ကို နာမည်မှား ဖော်ပြခြင်းနှင့် စာလုံးပေါင်းမှားယွင်း ဖော်ပြခြင်းတို့ကမူ မြန်မာ့သမိုင်းနှင့် ရင်းနှီးကျွမ်းဝင်မှုနည်းပါးသူများ အမှတ် မှားသွားစေနိုင်သည်။

စာရေးသူသန့်မြင့်ဦးသည် ကမ္ဘာ့ ကုလသမဂ္ဂတွင် ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်သူဖြစ်ပြီး စာရေးသူ၏ အဘိုးသည် ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး ဦးသန့် ဖြစ် သည်။ သန့်မြင့်ဦးသည် ယခုစာအုပ်တွင် စာရေးသူ၏ကိုယ်ပိုင်အတွေ့အကြုံများ၊ မြန်မာဘုရင်များလက်ထက်ကပင် တော်စပ်ခဲ့သည့် ဆွေစဉ်မျိုးဆက်များ နှင့် သူတို့၏အဖြစ်အပျက်အချို့ကို တစ်စိတ် တစ်ပိုင်းထည့်သွင်းဖော်ပြ ထားသည်။

ယခုစာအုပ်သည် သမိုင်းစာအုပ် များကို အခြေခံကိုးကားရေးသားထားရုံ သက်သက်မဟုတ်ဘဲ သမိုင်းတွင်းနေရာ များ၊ သမိုင်းထဲက လူများကိုပါ စာရေးသူကိုယ်တိုင် လေ့လာတွေ့ဆုံ ရေးသားထားသည့် စာအုပ်ဖြစ်သည်။ သို့ဖြင့် သမိုင်းထဲမှ အိပ်မက်ဆန်သော နေရာများနှင့် အဖြစ်အပျက်များကို မျက်မှောက်ခေတ်နေ့များသို့ ခေါ်ယူ ဆက်စပ်၍ မျက်ဝါးထင်ထင်တွေ့မြင် စေသည်။ ဦးသန့်အရေးအခင်းကဲ့သို့ ပါးစပ်ရာဇဝင်မှသာ ကြားသိနေခဲ့ရ သည့် ခေတ်သစ်မြန်မာ့နိုင်ငံရေးအဖြစ် အပျက်များတွင် စာရေးသူကိုယ်တိုင် မြင်တွေ့ပါဝင်ပတ်သက်ခဲ့သည်များကို ရုပ်လုံးကြွသက်ဝင်လာအောင် ရေးသား ထားသည်။ အထူးသဖြင့် ရာဇဝင်အစ ပိုင်းမှ မျက်မှောက်ခေတ် နိုင်ငံရေး အပြောင်းအလဲများထိ ပါဝင်ခဲ့သည့် ထင်ရှားခဲ့သည့်ဘုရင်များ၊ ခေတ်သစ် ဗိုလ်ချုပ်ကြီးများ၊ နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်များ၊ တော်လှန်ပုန်ကန်သူ များ အကြောင်းကို သမိုင်းတွင် သူတို့ ပါဝင်ပတ်သက်ခဲ့ပုံများနှင့် သူတို့၏ နောက်ဆုံးဖြစ်ပျက်နေသည့် ပကတိ အခြေအနေများအထိပါထည့်သွင်းရေးသား ထားသည်။

သို့ဖြစ်ရာ ရှည်လျားစွာသော ခေတ်ကာလများ၏ အားတက်ဖွယ်ရာ များနှင့် ရင်မောဖွယ်ရာသမိုင်းခြင်းရာ များကို စုစည်းထားသည့် အတိတ် သင်ခန်းစာပေါင်းချုပ်ကြီးသဖွယ်အဖြစ် လည်း သက်ပြင်းချမှတ်သားဖတ်ရှုရ မည့် စာအုပ်အဖြစ်ညွှန်းလိုပါသည်။

တန်ဖိုး ၆၅၀၀ ကျပ်ဖြစ်ပြီး Myanmar Book Centre စာပေတိုက်က ၂၀၁၂ ခုနှစ် မတ်လတွင် ပထမအကြိမ် ထုတ်ဝေထားခြင်းဖြစ်သည်။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template