Headlines News :
Home » , » "P" သုံးလုံးကို ဂရုစိုက်ပါ

"P" သုံးလုံးကို ဂရုစိုက်ပါ

Written By MyanMar on Tuesday | 6:29 PM


  ဖြောင့်မတ်မှန်ကန်ပြီး လုပ်ငန်း တိုးတက်အောင်မြင်ရေးကို အလေးထားတဲ့ တာဝန်ရှိသူများဟာ "P" သုံးလုံးကို ဂရုစိုက်ဖို့ လိုလိမ့်မယ်။  အလုပ်သမားတွေနဲ့ ဝန်းရံထားတဲ့ လုပ်ငန်းခွင်တစ်ခုဟာ တည်ငြိမ် အေးချမ်းပြီး မျှော်မှန်းထားတဲ့ လုပ်ငန်းခွင် အောင်မြင်ဖို့အတွက် ဆိုရင် အရေးအကြီးဆုံးနဲ့ အဓိက အကျဆုံးဟာ သူတို့ပဲ ဖြစ်ပါလိမ့်မယ်။ တာဝန်ရှိသူများနဲ့ နောက်ကွယ်က လုပ်ငန်းရှင် ဆိုသူတွေဟာ လုပ်ငန်းရဲ့ အသက်သွေးကြောနဲ့ တူတဲ့ သူတို့တစ်တွေရဲ့ လုပ်ငန်းသာယာရေးကို ဂရုပြုသင့်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုပ်ငန်းခွင်တစ်ခုဟာ ကုန်ထုတ်စွမ်းအားကို ထိခိုက်ကျဆင်းစေမှာ ဖြစ်တယ်ဆိုတာကို အားလုံးပဲ နားလည်ပြီး ဖြစ်ပါလိမ့်မယ်။

အလုပ်သမားတစ်ယောက် အလုပ်ခွင်ကို ရောက်လာတာဟာ မိမိရဲ့ လုပ်ငန်းရည်မှန်းချက်ကို ကူညီဖို့၊ မျှော်မှန်းချက် တစ်ခုအတွက် အကျိုးတူ ဆောင်ရွက်ဖို့ဆိုတာ သိဖို့လိုလိမ့်မယ်။ ငွေကြေးချို့တဲ့တဲ့ သူတွေက လုပ်အား (ကာယအားဖြစ်စေ၊ ဉာဏအားဖြစ်စေ) နဲ့ ကျွမ်းကျင်မှုတွေကို သင့်တင့်လျောက်ပတ်တဲ့ အခကြေးငွေနဲ့ ရောင်းချစားသောက်ကြသလို ငွေကြေး တတ်နိုင်သူများဘက်ကလည်း ငွေကြေးကို အရင်းအနှီးပြု တည်ဆောက်လိုက်တဲ့ လုပ်ငန်းခွင်တစ်ခု တိုးတက်အောင်မြင်ပြီး အမြတ်အစွန်း တစ်စုံတစ်ရာ ရရှိရေးကို ဦးတည်လိမ့်မယ်။
ဒီနေရာမှာ လုပ်ငန်းရှင်ဟာ အလုပ်သမားရဲ့ အကူအညီကို ယူရသလို အလုပ်သမားများဟာလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် လုပ်ငန်းရှင်ကို အားထားရလိမ့်မယ်။ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုတဲ့ သဘောသဘာဝအရ ဘယ်လောက်ပဲ ငွေကြေးရင်းနှီး ထည့်ဝင်နိုင်တဲ့ လုပ်ငန်းရှင်ရဲ့ လုပ်ငန်းမဆို အလုပ်သမားများ ပူးပေါင်းပါဝင်မှု မရှိရင် မအောင်မြင်နိုင်သလို ဘယ်လောက် ကျွမ်းကျင်ပြီး ဘယ်လောက်တော်နေတဲ့ အလုပ်သမားများမဆို မှီခိုအားထားရာ အလုပ်ရှင် မရှိပြန်ရင်လည်း သူ့ဘဝ ရပ်တည်ရေးဟာ အမှန်တကယ်ပဲ ခက်ခဲတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်ပြီး အပြန်အလှန် နားလည်ကြမှသာ နှစ်ဦးနှစ်ဖက်စလုံးရဲ့ ရည်မှန်းချက် ပေါက်မြောက်ပါလိမ့်မယ်။

တစ်နေရာက၊ တစ်ဖက်ဖက်က ချို့ယွင်းအားနည်းမှု ရှိလာခဲ့ပြီဆိုရင် မကျေနပ်မှုကနေ ဝိရောဓိဖြစ်၊ ဝိရောဓိကနေ ပဋိပက္ခ ဖြစ်သွားကြပြီး မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ကြုံရလေ့ရှိတယ်။ တစ်ခါတစ်ခါမှာ ပေါ်ပေါက်လာတဲ့ ကိစ္စတွေကို ကြီးတဲ့အမှု သေးအောင်၊ သေးတဲ့အမှု ပပျောက်သွားအောင် ညှိနှိုင်းအဖြေရှာရင်း အဖြေတစ်ခုကို ရရှိသွားတတ်ပေမဲ့ တစ်ခါတစ်ခါမှာတော့ ကာယကံရှင်များရဲ့ တစ်ဖက်သတ်နိုင်မှု၊ စဉ်းစားမှုနှုန်း နည်းကြမှုတွေကြောင့် အမှိုက်ကစပြီး ပြသာဒ် မီးလောင်သွား ရတာမျိုးတွေ ရှိတတ်တယ်။ နှစ်ဖက်စလုံး အကျိုးမရှိတဲ့ ဒီလို အဖြစ်အပျက်တွေရဲ့ နောက်ဆုံးရလဒ်ဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား ကျဆင်းရမှုနဲ့ ကျယ်ပြန့်တဲ့ လူထုကြီးအတွက် စားဝတ်နေရေး ခက်ခဲလာရတာပဲ ဖြစ်ပါလိမ့်မယ်။

မကောင်းတဲ့ အဲဒီ အနေအထားမျိုးကို ရှောင်လွှဲနိုင်ဖို့ဆိုရင် နှစ်ဖက်ညှိနှိုင်း အဖြေရှာတာဟာ အကောင်းဆုံးပါပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ ကိုယ့်ဘက်သူ့ဘက် ကြည့်တတ်ပြီး အကောင်းဆုံးကို ရှာကြည့်ခြင်းအားဖြင့် ပြေလည်မှုကို ရရှိနိုင်ပါလိမ့်မယ်။ ဆင်းရဲလို့ လုပ်ခလစာနဲ့ ဘဝရပ်တည်နေရတဲ့ အလုပ်သမားဆိုတာ ဘဝကို အလောင်းအစားပြုပြီး ပဋိပက္ခကို မဖန်တီးတတ်ပါဘူး။ မတတ်သာလွန်းတဲ့ အနေအထားကို ရောက်နေလို့သာ လုပ်ခလစာကို သင့်လျော်သလောက် တိုးတောင်းတာ ဖြစ်ပါလိမ့်မယ်။ ဒါကို အလုပ်ရှင်ဆိုတဲ့ သူဌေးများက နားလည်ကြတာ အင်မတန် နည်းပါးပါတယ်။

မိမိရဲ့လုပ်ငန်းခွင်မှာ ခိုကပ်မှုကင်းမဲ့စွာ အလုပ်လုပ်ကြပြီး ရည်မှန်းချက်ကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ကြတဲ့ အလုပ်သမားများကို ပိုင်ဆိုင်ခွင့်ရထားတဲ့ တာဝန်ရှိသူနဲ့ လုပ်ငန်းရှင်တွေဟာ "P" သုံးလုံးကို ဂရုစိုက်နိုင်ကြရင် ပဋိပက္ခဆိုတာ မူးရင်တောင် ရှူစရာ မရှိလောက်အောင် ကင်းမဲ့သွားပါလိမ့်မယ်။ ချစ်ကြည်ညီညွတ်စွာနဲ့ ပျော်ရွှင်ချမ်းမြေ့စရာ လုပ်ငန်းခွင် တစ်ရပ်ကို ဖန်တီးနိုင်ကြမှာ သေချာပါတယ်။

အလုပ်ရှင်တွေ လက်ကိုင်ထားရမယ့် "P" သုံးလုံးကတော့ (Pay) ဆိုတဲ့ မျှတတဲ့လုပ်ခလစာ၊ (Placement) ဆိုတဲ့ စနစ်ကျတဲ့ နေရာချထားမှုနဲ့ (Promotion) ဆိုတဲ့ အဆင့်နေရာ တိုးမြှင့်မှု၊ ရာထူးတိုးမြှင့်ပေးမှုတို့ပဲ ဖြစ်ပါတယ်။ အဲဒီ အချက်သုံးချက်ကို လက်ခံနိုင်တဲ့ အတိုင်းအတာအထိ ညှိနှိုင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ရေရှည်မျှော်မှန်းချက်တွေဖြစ်တဲ့ အလုပ်သမားများရဲ့ ဘဝအာမခံချက် ပြည့်ဝမှု၊ အနာဂတ်ကို မျှော်မှန်းနိုင်မှုတွေ ပြည့်ဝလာမှာ ဖြစ်သလို ရွှင်လန်းတက်ကြွဖွယ် လုပ်ငန်းခွင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ ဒီအတိုင်းပဲ အလုပ်ရှင်ဘက်ကလည်း အလုပ်နဲ့ ပတ်သက်ရင် စည်းကမ်း ပြည့်ဝပြီး မခိုမကပ်တဲ့ လုပ်သားတွေကို ရရှိလာတဲ့အတွက် လုပ်ငန်းအခြေအနေ တိုးတက် ကောင်းမွန်လာမှုနဲ့အတူ အသားတင် အမြတ်အစွန်း ပိုမိုရရှိလာပါလိမ့်မယ်။ ကြွယ်ဝတဲ့ အလုပ်ရှင်တစ်ဦးရဲ့ အနေအထားကို ရရှိနိုင်ပါလိမ့်မယ်။

သတိထားရမှာက “သိပ်ဆင်းရဲလို့ အလုပ်လာလုပ်ကြတာပဲ၊ ငါပေးသမျှ ယူကြရမှာပေါ့၊ မယူရင်လည်း နေလေ၊ ကိုယ်ဖြစ်ကိုယ်ခံပေါ့ မဟုတ်လား” ဆိုတဲ့ အပြောမျိုး၊ “ပေးတာယူ၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့” ဆိုတဲ့ အတွေးမျိုးတွေဟာ အလုပ်ဖြစ်ဖို့ ခဲယဉ်းလိမ့်မယ်။ လူ့လောကကြီးမှာ လူတွေကို ဦးစီးပြီး လူတွေအတွက် အလုပ်လုပ်ကြရင်း လူတွေဆီက ရစရာ ရှိတာတွေကို ယူဖို့ ကြိုးစားနေကြတဲ့ အလုပ်ရှင်ဆိုသူ လူတချို့ဟာ တစ်ခါတစ်ခါမှာ လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးပြီး လူကို လူလို မဆက်ဆံတော့တဲ့အခါ ပဋိပက္ခတွေ ပေါ်လာရပါတယ်။

သင့်တင့်မျှတတဲ့ လုပ်ခလစာဆိုတာ အလုပ်လုပ်နေသူ အလုပ်သမားတိုင်းပဲ လိုချင်ပါလိမ့်မယ်။ သူပေးလိုက်ရတဲ့ အချိန်၊ သူစိုက်ထုတ်လိုက်ရတဲ့ လုံ့လဝီရိယနဲ့ ညီမျှတဲ့ ငွေကြေးဟာ တရားမျှတပါတယ်။ ဒါကို တချို့အလုပ်ရှင်တွေက အလကား ပေးနေရတဲ့ ငွေတွေလို့ တွေးထင်တတ်ကြတယ်။ အချိန်ပို၊ ဆုကြေးနဲ့ ဘောနပ်စ်များ ပေးရမယ်ဆိုရင် တီကောင်ကို ဆားနဲ့တို့သလို ဖြစ်ကြရော။ ရယ်တော့ရယ်စရာပါ။ အဲဒီ ငွေတွေဟာ သူတို့အိတ်ထဲက စိုက်ထုတ် ပေးလိုက်ရတဲ့ ငွေတွေလို့ သူတို့က ထင်မှတ် မှားတတ်တယ်။

အလုပ်လုပ်နေတဲ့ အလုပ်သမားတိုင်းဟာ မတူတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ အလုပ်ရှင်ဟာ မတူတဲ့ အရည်အချင်းအလိုက် စနစ်ကျတဲ့ နေရာချထားမှု ရှိရပါလိမ့်မယ်။ အလုပ်ရှင် သို့မဟုတ် တာဝန်ရှိသူများဟာ Placement ဆိုတဲ့ စနစ်ကျတဲ့ နေရာချထားမှု၊ ပြောင်းရွှေ့တာဝန်ပေးမှုကို ကျွမ်းကျင်လိမ္မာပါမှ လုပ်ငန်းခွင်ဟာ အဆင်ပြေ ချောမွေ့တတ်ပါတယ်။ ဒီအဆင့်ဟာ တတိယ "P" တစ်လုံးဖြစ်တဲ့ Promotion နဲ့ ဆက်စပ်နေလေတော့ မှန်ကန်တိကျမှု ရှိလေ လုပ်ငန်းဌာနကြီး တစ်ခုလုံးအတွက် အကျိုးရှိလေပဲ ဖြစ်ပါလိမ့်မယ်။ အကျိုးအကြောင်း အမျိုးမျိုးအရ မမှန်ကန်တဲ့ ရာထူးတိုးမြှင့်မှုကတော့ လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်ပါလိမ့်မယ်။

သိထားရမှာက ဘယ်မှာမဆို လုပ်ငန်းခွင် အတွင်းမှာ အလုပ်သမားတွေ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ အလုပ်လုပ်နေပါမှ လုပ်ငန်း ရည်မှန်းချက်တွေ အောင်မြင်လိမ့်မယ် ဆိုတာပါပဲ။ အလုပ်ကောင်းမှ လုပ်ငန်းရှင်ပျော်ရမှာပါ။ လုပ်ငန်းရှင်ပျော်ရင် အလုပ်သမားမှာလည်း “ရေမြင့်ရင် ကြာတင့်” တော့တာပေါ့။ အပြန်အလှန် ဆက်သွယ်ပြီး အပြန်အလှန် မှီခိုကာ အပြန်အလှန် အကျိုးရှိတတ်တဲ့ သဘောသဘာဝကို အဲဒီမှာ တွေ့ရပါလိမ့်မယ်။ အရေးကြီးဆုံးက လုပ်ငန်းရှင်တွေဟာ တင်ပြခဲ့တဲ့ "P" သုံးလုံးကို ကြေညက် သဘောပေါက်ပြီး ဆောင်ရွက်နိုင်ကြရင် အမှားအယွင်းနည်းတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ပြီး အလုပ်ရည်မှန်းချက်တွေလည်း ပေါက်မြောက် ပါလိမ့်မယ်။
ထက်ကျော် 
Opportunity Journal
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template