Headlines News :
Home » , » ကျွန်တော် ညွှန်းဆို လိုသော စာအုပ်တစ်အုပ်.

ကျွန်တော် ညွှန်းဆို လိုသော စာအုပ်တစ်အုပ်.

Written By MyanMar on Tuesday | 8:17 AM

၂၀၁၂ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က ဘဝတစ်ပါးသို့ ကူးပြောင်း သွားခဲ့ သူ အောင်ထွဋ် တစ်ဖြစ်လဲ ဒေါက်တာနေဝင်းမောင် မကွယ်လွန်ခင် ၁၉၉၅- ၉၆ခုနှစ်ခန့်က သင့် ဘဝအောင်မြင်ရေး မဂ္ဂဇင်း၊ သက်တံရောင်ဂျာနယ်တို့တွင် အခန်းဆက်ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေထားသော စာအုပ်ဖြစ်သည်။
စာရေးသူသည် လူ့လောကတွင် အသက်၅၀မျှသာ နေသွားခဲ့သော်လည်း မြန်မာလူ့အဖွဲ့အစည်းအတွက် စွမ်းအားရှိသမျှ အလုပ်လုပ်ပေးသွားခဲ့သူဖြစ်သည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို ကုန်ခဲ့သည့် ဆယ်နှစ်ကျော်ကပင် အိပ်မက်ကြီးကြီးမက်၍ တဖြည်းဖြည်း လက်တွေ့ပုံဖော်ခဲ့သူဖြစ်သည်။ နှစ်ပေါင်းအတန်ကြာ စနစ်ဆိုးများအောက်တွင် ကိုယ်၊ စိတ်၊ နှလုံး ဒဏ်ရာများဖြင့် နေလာခဲ့ကြသော မြန်မာပြည်သူလူထုအတွက် အမြဲလိုလို စဉ်းစားပြီး နေ့မအိပ်ညမနား အလုပ်လုပ်ခဲ့သူဟုဆိုလျှင်လည်း လွန်အံ့မထင်။ အထူးသဖြင့် စနစ်ဆိုး၏ သြဇာသက်ရောက်မှုကြောင့် မုဒိတာတရားနည်းပါးသူ၊ အုပ်စုစွဲ၊ ဂိုဏ်းဂဏစွဲကြီးသူ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သူ၊ သဘောထားသေးသိမ်သူ၊ အမြော်အမြင်နည်းပါးသူ၊ အလွဲအတ္တ၊ မာနကြီးသူ၊ သူ့ဘက် ကိုယ့်ဘက် ခွဲခြားတတ်၊ အမြဲလိုလို ရန်လိုစိတ်ရှိနေသူများ၏ တရစပ် တိုက်ခိုက်ဝေဖန်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သီအိုရီသဘောနှင့် မကိုက်လှသည့်အပြင် လက်ခုပ်သံများများမရနိုင်သည့် လက်တွေ့ဖြစ်နိုင်ခြေရှိသည်များကို အစဉ်တစ်စိုက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်၊ ရေးသား၊ ပြောဆိုခဲ့ခြင်းက ၄င်း၏ ထူးခြားသော စိတ်ဓာတ်စွမ်းအားဖြစ်သည်။ ယနေ့မြင်တွေ့နေရသော အပြောင်းအလဲများ၏ နောက်ကွယ်တွင် အောင်ထွဋ်ခေါ် ဒေါက်တာနေဝင်းမောင်၏ များစွာတဲ့တိုးကျပွင့်လင်းပြီး များစွာပြင်းထန်သည့် အကြံပြု စာတမ်းပေါင်းများစွာကိုမူ စာပေစိစစ်ရေးတံတိုင်းပေါ်မှ ပေါ်ထွက်မလာနိုင်ခဲ့သောကြောင့် သူ့ကို ဝေဖန်ပြစ်တင်သူများ မမြင်နိုင်ခဲ့ကြ။ သူ့အား ဝေဖန်ပြစ်တင်သူများ မြင်တွေ့ဖတ်ရှုခဲ့ကြရသည်က စိစစ်တည်းဖြတ်ပြီးသား ဆောင်းပါးများသာ။ တစ်ပုဒ်လုံးဆင်ဆာထိ၍ ဖော်ပြခွင့်မရသော ဆောင်းပါးများစွာကိုလည်း ထိုသူများ မသိခဲ့ကြ။ စင်စစ်အားဖြင့် Living Color မဂ္ဂဇင်းနှင့် The Voice Weekly တို့တွင် ဖော်ပြခဲ့သမျှ ဆောင်းပါးအားလုံးမှာ စာရေးသူရေးခဲ့သည့် စာတမ်းများနှင့် ယှဉ်လျှင် များစွာပျော့ပြောင်းပြီး လူအများ သဘောပေါက်နားလည်စေရန် လွယ်ကူရှင်းလင်းစွာ ရေးသားထားသော ဆောင်းပါးများသာ။
သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသည့် ရေခဲအစိတ်အပိုင်းကလေးကိုသာ မြင်ပြီး အောက်ပိုင်းရှိထုထည် ကြီးမားလှသော ရေခဲတောင်ကြီးတစ်ခုလုံးကို မမြင်နိုင်ခဲ့ကြသူများစွာ၏ တောက်လျှောက်ဆိုသလို ဝေဖန်ပြစ်တင်ခံခဲ့ရသူ တစ်ယောက်ဖြစ်သည်။ အချို့မှာမူ စာရေးသူ၏ အရည်အချင်းနှင့် ဉာဏ်ပညာထက်မြက်မှု၊ စာရေးသူ၏ စာရေးဟန်(ဝါ)"လေ" ကြောင့် ပုဂ္ဂိုလ်ရေး မနာလို၊ မုန်းတီးမှုသက်သက်ဖြင့် သဲသဲမဲမဲ ဆဲဆိုဝေဖန်ပုတ်ခတ်ခဲ့ကြသူများ ဖြစ်သည်။ ၂၀၀၈ခုနှစ်နောက်ပိုင်း၊ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်အချိန်အထိ The Voice Weekly သတင်းစာစောင်တွင် အောင်ထွဋ်ရေးသားခဲ့သော ဆောင်းပါးများကို ယခုသေချာ ပြန်ဖတ်ကြည့်ပါက မြန်မာ့နိုင်ငံရေးလောကအတွက် သူခန့်မှန်း သုံးသပ်ခဲ့သည်များ၊ ရှင်းလင်းဖွင့်ဆိုသွားခဲ့သည်များ၊ ထောက်ပြအကြံပြုခဲ့သည်များအတိုင်း ငြိမ်းချမ်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ငြိမ်းချမ်းရေး အပြောင်းအလဲများနှင့် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပေမည်။ ဤနေရာတွင် အောင်ထွဋ်ခေါ် ဒေါက်တာနေဝင်းမောင်အပေါ် ရှိနေသည့် ပုဂ္ဂလိကဆန်သော ခံစားချက်များမှခွာထုတ်ပြီး စိတ်ရှင်းရှင်းဖြင့် ဖတ်ကြည့်မှသာ ထိုအချက်များ သွေးထွက်အောင်မှန်နေကြောင်း သိမြင်နိုင်ပေလိမ့်မည်။ ယခင်ရှိနေသော အခုအခံများနှင့် ဖတ်ပါက မြင်နိုင်မည်မဟုတ်ပေ။ ယခုစာအုပ်တွင် လွန်ခဲ့သည့် ၁၇နှစ်ခန့်က လူအချင်းချင်းဆက်ဆံရေးနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲရေးအပေါ် သူကိုယ်တိုင် လက်တွေ့ကျင့်သုံးခဲ့သည့် အတွေးအခေါ်၊အယူအဆများကို ဖော်ထုတ် ရေးသားထားသော ဆောင်းပါးများချည်း ဖြစ်သည်။ သူအဓိက အကိုးအထောက်ပြုသည့် အတွေးအခေါ်၊ အယူအဆမှာ ဗုဒ္ဓ၏ ဓမ္မသာ ဖြစ်သည်။ ထိုဓမ္မသည် သာမန် ပုထုဇဉ်များ ဟောပြောလမ်းညွှန်နေကြသည့် ဒါန၊သီလအဆင့်မဟုတ်။ လက်တွေ့ ပွားများကျင့်ကြံရသည့် ဝိပဿနာ၊ သတိပဌာန်တရားဖြစ်သည်။ တစ်နည်းဆိုရပါက အနိမ့်ဆုံးအဆင့် မိမိစိတ်ကို မိမိသိရှိအောင်၊ အမြင့်ဆုံးအဆင့် ဖြစ်၊ပျက်သဘောကို ဂဏသေချာစွာ ထိုးထွင်းသိမြင်ပြီး အာသဝေါတရားကုန်ခမ်းသွားသည်အထိ လေ့ကျင့်အားထုတ်ရခြင်းဖြစ်သည်။ မိသားစုဝင်အချင်းချင်အကြား၊ မိဘနှင့်သားသမီးအကြား ဆက်ဆံရေး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုးများနှင့် ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး၊ အထက်အောက် ဝန်ထမ်းများ နှင့်ဆက်ဆံရေး တို့နှင့်ပတ်သက်၍ သီအိုရီများစွာမှ ကင်းလွတ်ပြီး ကိုယ်တိုင် လက်တွေ့သဘောဖြင့် ရေးသားထားသော ကိုယ်တွေ့ ဆောင်းပါးများလည်း ဖြစ်သည်။
ထို့ကြောင့် ဤစာအုပ်ကို လုပ်ငန်းများ စီမံအုပ်ချုပ်မှုပညာနှင့် လူမှုဆက်ဆံရေး အတတ်ပညာတို့သည် သီအိုရီတစ်ခုခုဖြင့် ရာနှုန်းပြည့် သင်ကြားတတ်မြောက်နိုင်သော ပညာရပ်တစ်ခု မဟုတ်ကြောင်း ကိုယ်တွေ့သိထားသည့်အတွက် စီမံခန့်ခွဲမှုအနုပညာ၊ ဆက်ဆံရေးအနုပညာဟု ခေါ်လျှင် ပိုသင့်တော်ကြောင်း စာရေးသူက အဆိုပြု၊ ခေါင်းစဉ်ပေးခဲ့ခြင်းဖြစ်သည်။ လူမှုဆက်ဆံရေးလောကအတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး မရှိမဖြစ် ကိုယ်ရည်ကိုယ်သွေးတစ်ခုမှာ ရိုးသားဖြောင့်မတ်မှုဖြစ်သည်။ ထို့ကြောင့်လည်း ဤစာအုပ်၏ အခန်း(၁)တွင် ထိုအချက်ကို ဗွေဆော်ဦး ထည့်သွင်းထားသည်ကို တွေ့နိုင်သည်။ နောက်ဆက်တွဲ အခန်း(၂)ခန်းအပါအဝင် စုစုပေါင်း အခန်း(၈)ခန်းခွဲ၍ ပြုစုရေးသားခဲ့သော ဤဆောင်းပါးများသည် စင်စစ်အားဖြင့် သာမန် လူမှုဆက်ဆံရေးနယ်ပယ်တွင်သာမက ယနေ့ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်း အထူးအသုံးတည့်မည့် နည်းနိဿယျများဖြစ်သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့အကြား အပြန်အလှန် ထိန်းညှိရာတွင်လည်းကောင်း၊ စတုတ္တမဏ္ဍိုင် မီဒီယာများက ဝေဖန်၊ ထောက်ပြ၊ အကြံပြုရာတွင်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်းကောင်း၊ ပါတီအချင်းချင်း တွေ့ဆုံဆွေးနွေးရတွင်လည်းကောင်း၊ ဗြူရိုကရေစီယန္တရားအတွင်းရှိ ဗြူရိုကရက်များ၊ ပြည်သူ့ဝန်ထမ်းများ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ထမ်းဆောင်ရာတွင်လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရာတွင်လည်းကောင်း၊ ပြည်တွင်းပြည်ပသို့ စီးပွားရေးအလို့ငှာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း လက်တွေ့အသုံးချ၍ ရနိုင်သည့် လက်တွေ့ကျင့်စဉ်များဟုလည်း ဆိုနိုင်သည်။ နေဝင်းမောင်နှင့် အောင်ထွဋ် ကို လုံးလုံး သဘောမကျခဲ့သူများအနေနှင့်လည်း ၄င်းတို့သဘောမကျခဲ့သူ အဘယ်ကဲ့သို့ စိတ်ထားရှိသည်ကို သိလိုစိတ်ဖြင့် ဖတ်ကြည့်လျှင်ပင် ဖတ်ရှုသူအဖို့ အကျိုးရှိနိုင်သော စာအုပ်ဖြစ်သည်။ နိုင်ငံပြုစိတ်ရှိသူ statesman ဖြစ်ပြီး အသက်ရှင်နေထိုင်ခိုက် နိုင်ငံတည်ဆောက်ရေး၊ လူသားအရည်အချင်း မြှင့်တင်ရေးတို့ကို စိုက်လိုက်မတ်တပ် ဆောင်ရွက်သွားခဲ့သူတစ်ဦး၏ ထုထည်ကြီးကြီး စေတနာကို ဤစာအုပ်တွင်တွေ့နိုင်သည်။ ၁၉၉၉ခုနှစ်တွင် Living Color မဂ္ဂဇင်းက ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ် ထုတ်ဝေထားခြင်းဖြစ်သည်။
ဆက်ဆံရေး အနုပညာနှင့် မလိုက်ဖက်သည့် နက်မှောင်နီစွေးသော မျက်နှာဖုံးအရောင်၊ မျက်စိအားနည်းသူများ မနည်းအားစိုက်ဖတ်မှ မြင်ရသည့် စာအုပ်ခေါင်းစဉ်၊ စာအုပ်တိုင်းတွင် မဖြစ်မနေပါဝင်ရမည့် စာအုပ်ဖြစ်စဉ်ကောက်ကြောင်း ပုံနှိပ်မှတ်တမ်း မပါဝင်ခြင်းကြောင့် ရောင်းဈေးမသိ၊ ထုတ်ဝေသည့်ခုနှစ်၊ အကြိမ်ရေမသိ၊ ထုတ်ဝေတိုက်မသိဖြစ်နေခြင်းကဲ့သို့သော အားနည်းချက်များမှအပ လူမှုဆက်ဆံရေးနှင့် မကင်းသူတိုင်း ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။ အထူးသဖြင့် ဤစာအုပ်ရောင်းရငွေအားလုံးကို ကွယ်လွန်သွားရှာသော စာရေးသူ၏ သမီးငယ် လေးယောက်၏ ပညာသင်ကြားရေး ရံပုံငွေအတွက် ဖြစ်နေခြင်းကြောင့် အနိမ့်ဆုံးအနေနှင့် ပညာဒါနအဖြစ် ဝယ်ယူဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ စာအုပ်ဆိုင်တိုင်းတွင် မေးဝယ်နိုင်သည်။
ဆက်ဆံရေးအနုပညာ
(ဘဝအောင်မြင်ရေးနှင့် ပတ်သက်၍ လူအများ မေ့ထားကြသော မဟာဗျူဟာ)
နေဝင်းမောင်၂၀၁၂ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့က ဘဝတစ်ပါးသို့ ကူးပြောင်း သွားခဲ့ သူ အောင်ထွဋ် တစ်ဖြစ်လဲ ဒေါက်တာနေဝင်းမောင် မကွယ်လွန်ခင် ၁၉၉၅- ၉၆ခုနှစ်ခန့်က သင့် ဘဝအောင်မြင်ရေး မဂ္ဂဇင်း၊ သက်တံရောင်ဂျာနယ်တို့တွင် အခန်းဆက်ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေထားသော စာအုပ်ဖြစ်သည်။

နေဝင်းမောင်  
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template