Headlines News :
Home » , » သင်တန်းတက်ရတာ ကိုယ့်အတွက် အကျိုးရှိဖို့

သင်တန်းတက်ရတာ ကိုယ့်အတွက် အကျိုးရှိဖို့

Written By MyanMar on Tuesday | 10:36 AM


ယခုခေတ် မြန်မာနိုင်ငံမှာ လူအများစုက သင်တန်းမျိုးစုံ တက်ကြသည်။ တချို့သင်တန်းတွေက အခကြေးငွေ ပေးရသလို၊ တချို့တွေက အဖွဲ့အစည်းတွေ၊ ကိုယ့်အလုပ်ဌာနတွေက အခမဲ့ စီစဉ်ပေးတာမျိုးဖြစ်သည်။ သင်တန်းတက်ရသော အကြောင်းပြချက်များကိုကြည့်လျှင် ပညာယူချင်လို့၊ လက်တွေ့ တတ်ချင်လို့၊ သူငယ်ချင်းတွေတက်လို့ လိုက်တက်ဖြစ်တာ၊ လက်မှတ် (certificate) ရချင်လို့၊ မိဘတွေ အလုပ်ရှင်တွေက တက်ခိုင်းလို့ စသဖြင့် ကွဲပြားကြသည်။
ကျမတက်ခဲ့သော သင်တန်းများမှာ တချို့က ကိုယ့်ဘာသာ ရွေးချယ်ပြီး တက်ခဲ့သလို၊ တချို့ကျတော့ ကျမအလုပ်ဌာနမှ တက်ခိုင်း သောကြောင့် တက်ရတာဖြစ်သည်။ ကိုယ်ရွေးချယ်တာမဟုတ်ဘဲ တက်ရသော သင်တန်းမျိုးမှာတော့ ကိုယ့်အချိန် အလဟဿ မဖြစ်အောင်၊ ကိုယ့်အတွက် တခုခု အကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကျမ ထည့်သွင်းစဉ်းစားသည်။ အထက်လူကြီးက တက်ခိုင်းလို့ တက်ရင်ပြီးတာပဲ ဆိုတာမျိုးလုပ်လျှင် သင်တန်းအတွက် ပေးလိုက်ရသော ကျမတို့အချိန်တွေက နှမြောစရာ ကောင်း သည်။ နောက် ကိုယ့်အတွက် ဘာမှ ရမည်မထင်သော သင်တန်းမှာ အနည်းဆုံး တစ်နေကုန်လောက် ထိုင်နေရဖို့ကိုလည်း ကျမ အလွန်ဝန်လေးသည်။
ထို့ကြောင့် ကိုယ်ရွေးချယ်တာမဟုတ်ဘဲ တက်ရသော သင်တန်းမျိုးအပေါ် စိတ်ဝင်စားမှုရှိလာအောင် ကျမဘာသာ တိုက်တွန်းသည့် နည်းတစ်မျိုးကတော့ သင်တန်းပေးသူကို မေးခွန်းတွေ မေးတတ်သည်။ သင်တန်းပေးသူက မကောင်းလျှင် တခြားသင်တန်း လာ တက်သူများနှင့် မိတ်ဖွဲ့သည်၊ ဆွေးနွေးသည်။ သူတို့ဆွေးနွေးချက်တွေ၊ အတွေ့အကြုံတွေကို မှတ်သားသည်။ ပြန်လည် ဆွေးနွေး ဖလှယ်သည်။ လူတွေက ဘယ်လိုတွေးခေါ်ကြတယ်၊ ဘယ်လိုထင်မြင်ကြတယ်ဆိုတာတွေကို စဉ်းစားလေ့လာသည်။ ဒါဆို ထို သင်တန်းအပြီး အနည်းနှင့်အများတော့ ကျမ အမြင်ပိုကျယ်လာသည်။
ဘယ်လိုရွေးချယ်မလဲ
ကိုယ်တက်မည့်သင်တန်းကို ရွေးချယ်ခွင့်ရှိသည့်အခါ ကျမတို့အလုပ်နှင့် သက်ဆိုင်သော၊ ကျမတို့ စိတ်ဝင်စားသော သင်တန်းတို့ကို ရွေးချယ်သင့်သည်။ ဒါ့အပြင် ထိုသင်တန်းပေးသူ ထရိန်နာ၏ အလုပ်အတွေ့အကြုံ၊ သူပေးမည့်သင်တန်းနှင့် ပတ်သက်ပြီး ဘယ်လောက် တတ်ကျွမ်းမှုရှိလဲ တို့ကို အရင်လေ့လာသင့်သည်။
ဥပမာ စာသင်ကြားရေးပိုင်းနှင့် ပတ်သက်ပြီး ဆရာတွေကို သင်တန်းပေးသူက သူကိုယ်တိုင်လည်း ဆရာတယောက်လုပ်ဖူးသူ ဖြစ်ရမည်။ သင်တန်း ပေးနိုင်လောက်သော အရည်အချင်းနှင့် အလုပ် အတွေ့အကြုံရှိသူလည်း ဖြစ်သင့်သည်။ ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး သင်တန်းပေးသူက သူကိုယ်တိုင် ခေါင်းဆောင်တယောက်နေရာမှာ လုပ်ဖူးသူတော့ ဖြစ်သင့်သည်။ ထိုသို့မဟုတ်ခဲ့သော် သင်တန်းမှာ စာအုပ်ထဲက စာများကိုသာ ထရိန်နာက ပြန်ပြောနေတာကို သွားနားထောင်ရတာမျိုး ဖြစ်နိုင်သည်။
ကျမ မကြိုက်ဆုံး သင်တန်းများတွင် ထိုသို့သော သင်တန်းများ ပါဝင် သည်။ စာအုပ်တွေထဲက စာများကို သင်တန်းသားတွေ နားလည် အောင်၊ ပြန် အသုံးချတတ်အောင် ရှင်းပြတာမျိုး မဟုတ်ဘဲ၊ ဒါပြီး ဒါလုပ်၊ စာအုပ်တွေထဲမှာ ဒီလို ပြောထားတယ်ဆိုပြီး သီအိုရီတွေ၊ လုပ်နည်းတွေ ကိုပဲ ပြန်ပြောပြတာမျိုးကတော့ သင်တန်း တက်စရာမလိုဘဲ ကိုယ့် ဘာသာ စာအုပ်ဖတ်ပြီး လေ့လာနိုင်သည်။ ကျမတို့တက်သော သင်တန်းတွေက ရရှိတာတွေကို လက်တွေ့မှာ ဘယ်လောက် အသုံးချ နိုင်သလဲဆိုတာ အလွန်အရေးကြီးသည်။ ကျမတို့ လက်ရှိ အချိန်မှာ ဖြစ်စေ၊ နောက်တချိန်မှာဖြစ်စေ အသုံးဝင်စေမည့် အရာတွေ ကိုပေးသော သင်တန်းမျိုးကိုသာ ရွေးချယ်ကြရမည်။
နောက်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများကို ကိုယ်တက်မည့် သင်တန်းမျိုး တက်ဖူးလား၊ သင်တန်းပေးသူက ဘယ်လိုနည်းမျိုးနဲ့ သင်တန်းပေးလဲ စတာတို့လည်း မေးမြန်းသင့်သည်။ ဥပမာ ကျမဆိုလျှင် လက်ချာရိုက်သလို အချက်အလက်တွေပဲ ပြောနေသော ထရိန်နာမျိုး၊ ဒါမှမဟုတ် အချက်အလက်များကို သေချာမရှင်းပြပဲ သင်တန်း လာတက်သူတွေကိုပဲ အပြန်အလှန် ဆွေးနွေးခိုင်း၊ အဖွဲ့လိုက် တင်ပြ ခိုင်းတာတွေပဲ လုပ်နေသော ထရိန်နာမျိုးတို့ကို မကြိုက်ချေ။ စကားတွေပဲ ပြောနေသော ထရိန်နာက ပျင်းစရာကောင်းလှသည်။ သင်တန်းသားတွေပဲ ဆွေးနွေး၊ တင်ပြတာတွေပဲ လုပ်နေရပြီး ဘယ်သူပြောတာ မှန်တယ် မမှန်တယ်၊ အဓိပ္ပါယ်ရှိတယ် မရှိဘူး ဆိုတာမျိုးကို ခွဲခြားနိုင်သော အချက်အလက်တွေကို ထရိန်နာက မပြောပြလျှင်လည်း မရေရာ မသေချာနှင့် ကျမတို့ ဆွေးနွေး ရတာတွေ၊ တင်ပြရတာတွေက အကျိုးမရှိဖြစ်သည်။ ထို့ကြောင့် ထိုနည်းနှစ်မျိုးကို ချင့်ချိန် သုံးတတ်သော ထရိန်နာမျိုးကို ကြိုက်သည်။
ကိုယ်တက်မည့်သင်တန်းက ကိုယ်လက်ရှိသိထားတာနှင့် လုံလောက်သလားဆိုတာလည်း ချင့်ချိန်သင့် သည်။ အကယ်၍ သင်တန်းမှ အကြောင်းအရာ တွေက ကိုယ်သိထားတာနှင့် အများကြီး ကွာဟနေလျှင် ကိုယ်က သင်တန်းမှာ မလိုက်နိုင်ပဲ အချိန်ကုန်တတ်သည်။ ဥပမာ သိပ္ပံဘာသာရပ် သင်ကြားရေးနှင့် ပတ်သက်သော သင်တန်းမျိုးကို ကျမ ပေးသောအခါ လာတက်ကြသော တချို့ ဆရာများက ကိုယ်သင်နေသော သင်ခန်းစာများ ကိုတောင် မပိုင်နိုင်တာ တွေ့ရသည်။ ထိုသို့ ဘာသာရပ်ပိုင်းဆိုင်ရာကို မပိုင်နိုင်လျှင်၊ ဘာလို့ ဒီအပိုင်းကို ဒီလိုသင်တယ်၊ မေးခွန်းထုတ်တယ်၊ ရှင်းပြတယ် ဆိုတာမျိုးနှင့် ပတ်သက်သော သင်ြကားနည်းပုံစံတွေအကြောင်း သင်တန်းပေးသောအခါ သူတို့ သိပ် နားမလည် နိုင်ကြချေ။ သူတို့သင်နေသော သင်ခန်းစာများကို သေချာသိသော ဆရာများဆိုလျှင်၊ သင်ကြားနည်းတခု အကြောင်းကို မိတ်ဆက်ပေးလိုက်တာနှင့်၊ သူတို့အတန်းမှာ ဘယ်လို သုံးနိုင်မယ်၊ ဘယ်လို အခက်အခဲတွေတော့ တွေ့နိုင်မယ် စသဖြင့် ချက်ချင်းစဉ်းစားပြီး ဆွေးနွေးနိုင်သည်။
ဘယ်လိုအကျိုးရှိအောင် လုပ်မလဲ
သင်တန်းတခုကို တက်သောအခါ ဘယ်လိုစိတ်ထားအမြင်မျိုးနှင့် တက်သလဲဆိုတာ အရေးကြီးသည်။ တချို့ဆိုလျှင် သင်တန်းက ဘာမှရမှာ မဟုတ်ပါဖူး၊ အထက်လူကြီးက တက်ခိုင်းလို့ တက်ရတာ ဆိုသော စိတ်မျိုးထားပြီး၊ သင်တန်းမှာ  သေချာနားထောင်တာမျိုး၊ တက်တက်ကြွကြွ ပါဝင်ဆွေးနွေး တာမျိုးတွေ မလုပ်ဘဲ ဖြစ်သလိုသာလုပ်ပြီး သူတို့ laptop ကိုယ်စီနှင့် အလုပ်များနေတတ်ကြသည်။ ထိုသို့ပြုမူလျှင် တကယ်ပဲ  သင်တန်းတက်ရတာ သူတို့အတွက် ဘာမှအကျိုးမရှိတော့ချေ။
မြန်မာနိုင်ငံတွင် သင်တန်းတွေပေးနေသော ကျမအသိတယောက်က ပြောဖူးသည်။ ခုခေတ်က သင်တန်းရှိတယ်ပြောလိုက်ရင် လူတွေက သင်တန်း တက်ရင် ဘာရမှာလဲ၊ လက်မှတ်ရမှာလား၊ သင်တန်းတက်သူတွေကို Freebie တခုခု ပေးမှာလား စသဖြင့်မေးကြသည်တဲ့။ တချို့ကလည်း ဘာမှ လက်ဆောင် မရမှန်းသိပေမယ့် စိတ်ဝင်စားလို့ လာတက်တာ ဆိုတာမျိုး ပြောကြသည်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနေသော အဖွဲ့အစည်းများစွာ၏ များပြားလှသော သင်တန်းများကြား အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) Freebie စသဖြင့် ကိုယ့်အတွက် တခုခုရမှ တက်မည်ဆိုသော စိတ်ဓါတ်မျိုးတွေရှိတာ လက်ခံနိုင်သော်လည်း၊ အဲဒါတွေအပြင် သင်တန်းကနေ ပညာ၊ ဗဟုသုတ စသော ကိုယ့်အတွက် အကျိုးရှိစေမည့် တခြားအရာတွေ ရဖို့ မစဉ်းစားတော့ဖူးလားဟု ကျမတွေးမိသည်။
တကယ်တော့ သင်တန်းတက်သောအခါ သင်တန်းပေးသူ ထရိန်နာဆီကပဲ ပညာ၊ ဗဟုသုတ ရနိုင်တာမဟုတ်။ ကိုယ်နှင့်အတူ တက်သော သင်တန်းသား များနှင့် အတူဆွေးနွေးကြသောအခါ တစ်ယောက်ချင်းစီ၏ အတွေ့အကြုံ၊ အတွေးအခေါ်တို့မှ ကိုယ့်အတွက် တွေးစရာ၊ အတုယူစရာ၊ လေ့လာစရာတွေ ရနိုင်သည်။ သင်တန်းသားများနှင့် အတွေ့အကြုံတွေ ဖလှယ်ရင်း ကိုယ့်အတွက် အမြင်ကျယ်စေသည်။
ကျမ၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုလျှင် သင်တန်းတက်တိုင်း တခြားကုမ္ပဏီအဖွဲ့အစည်းများမှ လာတက်သူများနှင့် မိတ်ဖွဲ့ပြီး သူ့အဆက်အသွယ် အသိုင်းအ၀ိုင်းကို ကျယ်ပြန့်အောင်လုပ်သည်။ သင်တန်းမှာ နားချိန်ရောက်လျှင် ကျမတို့က ကိုယ့်အလုပ်ကလူတွေနှင့်ပဲ စကားဝိုင်းဖွဲ့သော်လည်း၊ သူက တခြားဌာနများမှ လူတွေကိုလည်း သွားနှုတ်ဆက်ပြီး မိတ်ဖွဲ့တတ်သည်။ ထိုသို့ပြုမူသောကြောင့် သူ့မှာ အဆက်အသွယ်ကောင်းတွေ ရှိလာတာ ကိုမြင်တော့ ကျမလည်း သူလုပ်တာမျိုးကို အတုယူဖို့ ကြိုးစားမိသည်။
သင်တန်းဆိုတာက ကျမတို့မျက်စိကို ဖွင့်ပေးလိုက်တာမျိုးလောက်ပဲ ဖြစ်သည်။ သင်တန်းချိန်အတွင်းတွင် အချက်အလက် အကြောင်း အရာများကို ပြည့်ပြည့်စုံစုံ သင်တန်းပေးနိုင်ဖို့ ခဲယဉ်းသည်။ အခြေခံသဘောတရား၊ အချက်အလက်များ၊ ဒါမှမဟုတ် အကြောင်းအရာ တချို့အတွက်သာ အချိန်ရသည်။ ဒါကြောင့် သင်တန်းကရသော အတွေ့အကြုံ၊ အချက်အလက်၊ ဗဟုသုတ တို့ကိုသုံးပြီး ရှေ့ဆက် ကြည့်တတ်ဖို့၊ ကိုယ့်ဘာသာ ကြိုးစားတတ်ဖို့ လိုအပ်သည်။ ဥပမာ ကျမဆိုလျှင် အင်ဂျင်နီယာ နည်းပညာ ပိုင်းနှင့် ပတ်သက်သော သင်တန်းမျိုးကို တက်ပြီးလျှင်၊ အဲဒါနှင့်ပတ်သက်ပြီး နောက်ထပ် အချက်အလက်တွေ သိဖို့ ကိုယ့်ဘာသာ စာတွေ ရှာဖတ်ရသည်။ ကိုယ်သင်တန်းမှာ ရခဲ့တာတွေကို ဘယ်လိုလက်တွေ့မှာ ပြန် အသုံးချနိုင်မလဲဆိုတာ စဉ်းစားရသည်။ ထိုသို့မဟုတ်လျှင် ကျမတက်ခဲ့သော သင်တန်းက လက်မှတ်တခုသာသာ အချည်းနှီးဖြစ်သွားတာမျိုး ကြုံခဲ့ရသည်။
စာသင်ကြားရေးပိုင်းနှင့် ပတ်သက်ပြီး ကျမတက်ဖူးသည့် သင်တန်းတချို့မှာဆိုလျှင် သင်တန်းပေးသူက သီအိုရီတချို့ကို မိတ်ဆက်ပေးပြီး၊ လက်တွေ့မှာ ထိုသီအိုရီတွေကို ဘယ်လို အသုံးချမလဲ၊ ဘယ်လို အခက်အခဲတွေ ရှိလဲ၊ ဘယ်လိုဖြေရှင်းမလဲ စသဖြင့် သင်တန်းသားများကို ဆွေးနွေးစေသည်။ ထိုသို့ ဆွေးနွေးပွဲတွေ၊ သီအိုရီတွေပေါ် မူတည်ပြီး ကျမက ကိုယ်လုပ်နေတာတွေအပေါ်လည်း ကိုယ့်ဘာသာ ပြန်လည် ဆင်ခြင်သုံးသပ်ဖြစ်သည်။ ထိုအခါ ကျမလက်ရှိလုပ်နေတာမှာ လိုနေတာတွေ၊ ကောင်းတာတွေ တွေ့လာပြီး၊ လက်ရှိအခြေအနေထက် ကောင်းမွန် တိုးတက်သွားစေသည်။
ကျမတို့ ဘ၀တစ်သက်တာမှာ အမြဲလေ့လာ သင်ယူ တိုးတက်နေဖို့ သင်တန်းတွေတက်ကြရမည်။ ဒါ့အပြင် သင်တန်းတက်ဖို့ ပေးဆပ်ရသော ကျမတို့အချိန်တွေကိုလည်း အကျိုးရှိအောင် လုပ်ဖို့လိုအပ်သည်။ သင်တန်းတခုတက်ပြီးတိုင်း ကိုယ့်နာမည်ပါသော လက်မှတ်တစ်ခု (သို့မဟုတ်) စာရွက်တစ်ရွက်တင်မက ကိုယ့်အတွက် တစုံတရာတော့ အကျိုးရှိစွာ ကျန်သွားသင့်သည်။ ကျမရဲ့ ဆယ့်သုံးနှစ်ကျော် လုပ်သက်အတွင်းမှာ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှာ သင်တန်းတွေတက်ခဲ့ဖူးသလို၊ သင်တန်းတွေပေးသူလည်း ဖြစ်ခဲ့သည့် အတွေ့အကြုံများပေါ် အခြေခံပြီး ရေးသားလိုက်သည့် ဒီဆောင်းပါးက စာဖတ်သူတို့ သင်တန်းတက်ရာမှာ အထောက်အကူ တစုံတရာဖြစ်ဖို့ မျှော်လင့်မိပါသည်။
ခင်နှင်းစိုး
၆ ဇူလိုင် ၂၀၁၂
(၁၂ ရက် ဇူလိုင် ၂၀၁၂ ထုတ် Venus News Journal တွင် ဖော်ပြပြီး ဖြစ်သည်)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template