- ယခုခေတ် ကာလသည် စွန့်ဦးတီထွင် (အင်ထရာပရီနော၊ Entrepreneur) ဟူသော စကားလုံးသည် ခေတ်စား ပေါ်ပြူလာ ဖြစ်လာပါသည်။ အင်ထရာပရီနော ဆိုင်ရာ ပို့ချက်များ၊ ဟောပြောပွဲ များလည်း ပေါ်ပေါက် လာပါသည်။ အင်ထရာပရိနောခေါ် စွန့်ဦး တည်ထွင်သူနှင့် စပ်လျဉ်း၍ အထင်ရှားဆုံး ဥပမာ-စွန့်ဦးတည်ထွင် လူသားသည် ကမ္ဘာ့ ထိပ်တန်းစာရင်းဝင် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ် ဖြစ်ပြီး တက္ကသိုလ် ကျောင်းသား ဘဝကပင် ဘွဲ့ရသည်အထိ ကျောင်းမနေဘဲ ကွန်ပျူတာ လောကကို တခေတ်ဆန်းစေပြီး ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် (၁) သူဌေး ဖြစ်ဖူး၏။ စွန့်ဦးတည်ထွင် ပုဂ္ဂိုလ် (Benavior) ကတော့ အစဉ်သဖြင့် တထပ်တည်းကျမည် မဟုတ်ပါ။ ဆိုသည်ကတော့ စွန့်ဦးတည်ထွင် စရိုက် (Behavior) ရှိသူတိုင်းသည် ဘီလ်ဂိတ်လို ဘီလျံနာ ဖြစ်လာရန် မလွယ်ပါ။စွန့်ဦးတီထွင် ပုဂ္ဂိုလ် မဖြစ်လိုက်ရရှာသော စွန့်ဦးတည်ထွင် စရိုက်ရှိသူတွေ များစွာရှိပါသည်။ ဥပမာ-ဘီလ်ဂိတ်သည် ပုဂ္ဂလိက စည်းပွားရေး လုပ်ပိုင်ခွင့် မရှိသေးသော ၁၉၄၇ မှ ၁၉၇၆ တရုတ်ပြည်တွင် မော်စီတုန်း ခေတ်ကာလ၌ လူဖြစ်လျှင် လည်ကောင်း၊ စစ်အေးခေတ် ဆိုဗီယက် ပြည်ထောင်စုတွင် လူလာဖြစ်လျှင် လည်ကောင်း ထပ်တန်း ကုမ္ပဏီပိုင်ရှင်ကြီး တစ်ဦး ဖြစ်လာရန် မလွယ်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆိုရှယ်လစ် ကွန်မြူနစ်ခေတ်များက ပုဂ္ဂလိကကုမ္ပဏီလည်း ထူထောင်ခွင့် မရှိခဲ့ပါ။ သို့သော်လည်း ဆိုရှယ်လစ် ကွန်မြူနစ်က တရုတ်ပြည်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့တွင် အင်ထနာပရီနော မဖြစ်လိုက်ရ သော်လည်း အင်ထရာပရီနော စရိုက်ရှိသူတွေ များစွာ ရှိနိုင်ပါ၏။ မည်သို့ပင် ဖြစ်စေကာမူ အမှန်တတယ် တင်းပြည့်ကြပ်ပြည့် အင်ထရာပရီနော စရိုက်ရှိသူတွေ ကတော့ အင်ထရာပရီနော စရိုက်ကို ပြနေမည်သာ ဖြစ်ပါ၏။ဥပမာအားဖြင့် ယနေ့ရုပ်ရှင် မင်းသမီးကြီး အကယ်ဒမီ ခေါ်ခင်သန်းနုသည် လွန်ခဲ့သော နှစ်ငါးဆယ် ၁၉၆၀ က ပြည်ထောင်စုမယ်ဘွဲ့ ရခဲ့၏။ ထို့ကြောင့် လှပ ချောမောသော ပြည်ထောင်စုမယ် အမျိုးသမီး တစ်ယောက်ကို ထိုစဉ်က သတင်းစာ ဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာပေါ်၌ တွေ့ရ၏။ (၁၉၆၃) တွင် ထိုနှစ်အတွက် မြန်မာနိုင်ငံတွင် အလှဆုံး မိန်းကလေး တစ်ဦး၏ မျက်နှာကို ဂျာနယ် စာမျက်နှာတို့ပေါ်၌ မတွေ့ရတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဆိုရှယ်လစ်ခေတ်သို့ ရောက်လာသောအခါ ပြည်ထောင်စု အလှမယ် ရွေးပွဲ မလုပ်တော့သောကြောင့် ဖြစ်ပါ၏။ သို့သော် ထိုနှစ်၊ ထိုခေတ်က လူဦးရေ (၂၃) သန်းတွင် မြန်မာ မိန်းကလေး တစ်ဦးဦးကတော့ ခင်သန်းနု ကဲ့သို့ လှပနေမည် အမှန်ဖြစ်၏။ ပြိုင်ပွဲမရှိ၍ ချန်ပီယံဖြစ်ခွင့် မရသော သဘောပင် ဖြစ်ပါ၏။လူတော်တိုင်းသည် အင်ထရာပရီနောစရိုက် ရှိလားဥပမာ အာဖရိကနိုင်ငံ တစ်ခုတွင် လူတစ်ယောက်သည် အသက် (၂၀) နှစ်တွင် ဆရာဝန် ဖြစ်လာပြီး အသက် (၅၀) နှစ်တွင် ဆေးတက္ကသိုလ် ပါမောက္ခ ဖြစ်လာသည် ဆိုပါစို့။ သို့သော် ဆရာဝန်တစ်ယောက်သည် ဆေးတက္ကသိုလ် ပါမောက္ခ ဖြစ်သည်မှာ လမ်းဟောင်း တစ်ခုကို လျှောက်ခြင်းသာ ဖြစ်ပြီး လမ်းသစ်ဖောက်သူတော့ မဟုတ်ပါ။ ထို့ကြောင့် ဆေးပညာ ပါမောက္ခ တစ်ဦးသည် လူတော် တစ်ဦးဖြစ်ပြီး အင်ထရာပရီနော တစ်ယောက် မဟုတ်ပါပေ။ သို့သော် ဆရာဝန် တစ်ယောက်သည် ကုန်သည် တစ်ယောက် ဖြစ်လာပြီ ဆိုလျှင်တော့ သူအင်ထရာပရီနော စရိုက်ရှိသူ ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာနိုင်ပါ၏။ တချို့ကတော့ မူလကတည်းက ဆရာဝန် လုပ်စားရန် မရည်ရွယ်ဘဲ ဒေါက်တာ ဟူသော ဂုဏ်ပုဒ်ကို လိုချင်လို့ ဆေးကျောင်းတက်ပြီး ဆရာဝန် ဖြစ်လာတာပါ။ ဒီတော့ ဒီလို ပုဂ္ဂိုလ်မျိုးများ ဆရာဝန် မလုပ်ဘဲ ကုန်သည်လုပ်ပါက လမ်းသစ် ဖောက်သူဟူ၍တော့ မဆိုနိုင်ပါ။ တဖန် မည်သည့် အသက်မွေးဝမ်းကျောင်း နယ်ပယ်တွင်မဆို ယှဉ်ပြိုင်ခြင်း ဟူသော သဘောတရား ရှိ၏။ ယှဉ်ပြိုင်ခြင်း ဖြစ်ပေါ်ပြီ ဆိုတာနှင့် အရုံးနှင့် အနိုင်ဆိုသော ရလဒ် နှစ်ခု ထွက်ပေါ်လာပါ၏။အချို့က အရှုံးကို လက်ခံသော်လည်း အချို့က တရားသဖြင့် ရှုံးနိမ့်ခြင်းကို လက်မခံကြပါ။ ထိုအခါ မိမိက ပန်းတိုင်သို့ အရင် ရောက်အောင် ဖြတ်လမ်းလိုက်၏။ အချို့က ယှဉ်ပြိုင်သူ အချင်းချင်း တံတောင်နဲ့ တွက်၏။ ခြေထိုးခံ၏။ သပ်လျှို၏။ ထိုအခါ ပြေးလမ်းဟောင်း တစ်ခုတွင် သူများကို တံတောင်နဲ့ မထွက်လို။ သူများတတောင်နဲ့ တွက်တာကိုလည်း မခံလိုသူတို့သည် ပြေးလမ်းဟောင်းကို စွန့်ခွာ၍ လမ်းသစ်ကို ဖောက်ကြ၏။ ထိုသူတို့တွင် အင်ထရာပရီနော စရိုက်ရှိသူတွေ ပါနေပါ၏။ လမ်းသစ်ဖောက်သည် ဆိုသည်ကလည်း လွယ်ကူသည်တော့ မဟုတ်ရပါ။ လမ်းသစ်သည် လမ်းဟောင်းလောက်တော့ မချောမွေ့ တတ်ပါ။ ဆူးညှောင့် ခလုပ်တွေ၊ အတားအဆီး၊ အန္တရာယ်တွေ ရှိ၏။ ထို့ကြောင့် စွန့်ဦးတည်ထွင်တို့၏ စရိုက်မှာ အန္တရာယ်ကို ရင်ဆိုင်ရဲခြင်း၊ Risk ကို မကြောက်ခြင်း ဖြစ်၏။ အင်ထရာပရီနော ဟူသော စကားရပ်ကို ဘာသာပြန်ရာတွင် (စွန့်ဦးတည်ထွင်) ဟု ဆိုထားပြီး (စွန့်ဦးတည်ထွင် အောင်မြင်လုပ်ငန်းရှင် သူဌေးကြီး) ဟု မဆိုလိုပါ။ ထို့ကြောင့် အန္တရာယ်ကြား ကျရောက်သွားသော စွန့်ဦးတည်ထွင် စရိုက်ရှိသူတွေ များစွာ ရှိပါ၏။ ဥပမာ ပြရပါသော် သူရဲကောင်းတိုင်းသည် စစ်ကို အောင်နိုင်သည် မဟုတ်ပါ။ ကျဆုံးသွားသော သူရဲကောင်း များစွာရှိပါ၏။ အင်ထရာပရီနောသည် အမှီအခိုရှိမှ အလုပ်လုပ်တတ်သူ မဟုတ် ဥပမာ ဆိုရပါသော် အမဲလိုက် ခွေးတစ်ကောင်နှင့် ခြင်္သေ့တစ်ကောင် အမဲလိုက်ပုံခြင်း မတူပါ။ အမဲလိုက် ခွေးသည် ဘယ်လောက် တော်သည်ဖြစ်စေ အရှင်သခင် မုဆိုးနှင့် တွဲ၍သာ အမဲလိုက်တတ်၏။ ခြင်္သေ့တစ်ကောင် အမဲလိုက်လျှင်တော့ အရှင်သခင် မုဆိုးမလိုပါ။ သီးခြား ရပ်တည်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် အင်ထရာပရီနောသည် တစ်စင် ထောင်နိုင်သော အစွမ်းရှိ၏။အင်ထရာပရီနောဟူသော အဓိပ္ပာယ်သည် အလုပ်ရှင် Boss ဟူသော အဓိပ္ပာယ်နှင့် ထပ်တူမဟုတ်မိဘလုပ်ငန်းကို ဆက်ခံသော သူဌေး တစ်ယောက်သည် တီထွင်ဆန်းသစ်မှု မရှိလျှင် အင်ထရာပရီနော မဖြစ်နိုင်ပါ။ အင်ထရာပရီနောတိုင်းသည် ငါ Boss လုပ်ရမှ ဖြစ်မယ်ဟူသော ဘဝင်မျိုး မရှိပါ။ ဥပမာ သူရဲကောင်းတိုင်းသည် ရှင်ဘုရင် မဖြစ်လိုပါ။ ထို့ကြောင့် အင်ထရာပရီနော စရိုက်ရှိသူများကို တစ်ခါတရံ ဝန်ထမ်းအဖြစ် တွေ့နိုင်၏။ သို့သော် ၎င်းတို့သည် ဝန်ထမ်း ဖြစ်သော်လည်း အင်ထရာပရီနော စရိုက်ကို မဖျောက်နိုင်သောအခါ ဝန်ထမ်းဘဝတွင် ဆန်းသစ် တီထွင်မှုများကို လုပ်နိုင်၏။ သစ်လွင်သော အကြံဉာဏ်များကို ပေးနိုင်၏။ လမ်းဟောင်းထက် သာသောလမ်းကို ဖန်တီး၏။ (Modify) လုပ်နိုင်၏။ New Procedure ခေါ် လုပ်ထုံးသစ်များ ဆွဲနိုင်ပါ၏။ အသက်မွေးဝမ်းလမ်းကြောင်း နယ်ပယ် အသီးသီးတွင် စားကျက်ကျဉ်း လာသည့်အခါ အချင်းချင်း တံတောင်နဲ့ တွက်၊ သပ်လျှို၊ ခြေထိုးခံ၊ ဂုံးချော၊ နောက်ကြောက ဓားနဲ့ထိုး၊ အချွန်နဲ့မ၊ အဆင်းဘီးတပ် စသော လုပ်ရပ်များသည် စားကျက်သစ်ကို မရှာနိုင်သော သူတို့၏ သတ္တိကြောင်သော လုပ်ရပ်သာ ဖြစ်ပါသည်။ဤကဲ့သို့သော လုပ်ရပ် စရိုက်သည် အဖွဲ့အစည်းလည်း မတိုးတက်၊ ကုမ္ပဏီလဲ မတိုးတက်၊ ကုန်ထုတ် စွမ်းအားလဲ မတိုးတက်၊ တိုင်းပြည်လဲ မဖွံ့ဖြိုးဟု ဆိုချင်ပါ၏။ အင်ထရာပရိနော ဟူသည် နည်းပညာ သက်သက်မဟုတ်၊ ပင်ကိုယ်စရိုက်၊ ပင်ကိုယ် သတ္တိနဲ့လည်း အထူး သက်ဆိုင်ပါ၏။ အင်ထရာပရီနောသည် နည်းပညာ သက်သက်ဖြစ်ပါက အင်ထရာပရီနော သင်တန်းများ ပေးလိုက်ပါက နိုင်ငံတစ်ခုသည် ဝုန်းကနဲ တိုးတက်သွားမှာပါ။ ဥပမာ-သတ္တိဟူသည် နည်းပညာ မဟုတ်။ ပင်ကိုယ်စရိုက် စိတ်သဏ္ဌာန် ဖြစ်၏။ သတ္တိ သင်တန်းပေးရုံနှင့် သတ္တိရှိရန် မလွယ်။ သို့သော် သတ္တိကို လုံးလုံး တည်ဆောက်၍ မရတာတော့ မဟုတ်။ ကလေးဘဝထဲက မကြောက်တတ်အောင် လေ့ကျင့်ပေးလျှင် သတ္တိ ရှိပါမည်။ သင်တန်းဟူသည် လူတစ်ယောက်ကို ရာနှုန်းပြည့် ပုံသွင်း၍ မရသော်လည်း အထိုက်အလျှောက်တော့ တိုးတက်စေနိုင်၏။ အင်ထရာပရီနော သင်တန်းသည်လည်း အကောင်းဘက်သို့ အထိုက်အလျှောက် ပြောင်းလဲစေနိုင်ပါ၏။ တိုးတက်သော နိုင်ငံ တစ်ခုတွင် နိုင်ငံသား အားလုံး အင်ထရာပရီနောကြီးတွေ ဖြစ်ရန်မလွယ်။ သို့သော် အင်ထရာပရီနော သတ္တိမျိုးတော့ လူတိုင်းမှာ ရှိသင့်ပါ၏။ ကလေးများကိုလည်း စွန့်စားခြင်း၊ ရဲဝံ့ခြင်း၊ တည်ထွင်ခြင်း၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ အခွင့်ထူးခံ မဟုတ်ခြင်း၊ ဖြတ်လမ်း မလိုက်ခြင်း၊ ခွက်စောင်း မခုတ်၊ သတ်မလျှိုသော အင်ထရာပရီနော စရိုက်များ သင်ပေးသင့်သည်ဟု ယုံကြည်မိပါကြောင်း။ဒေါက်တာထွန်းဝင်း
Home »
Carrier
,
Perspective
» ဖွံ့ဖြိုးခြင်း၏ လက္ခဏာတစ်ခု သို့မဟုတ် အင်ထရာပရီနော (စွန့်ဦးတီထွင်) စရိုက်
ဖွံ့ဖြိုးခြင်း၏ လက္ခဏာတစ်ခု သို့မဟုတ် အင်ထရာပရီနော (စွန့်ဦးတီထွင်) စရိုက်
Written By MyanMar on Tuesday | 6:18 PM
Labels:
Carrier,
Perspective
0 comments:
Speak up your mind
Tell us what you're thinking... !