အမြဲပြောင်းလဲနေသော ကမ္ဘာပေါ်မှာ ကျမတို့ဟာ ကျောင်းတွေမှာ စာသင်ယူတာလောက်နှင့် မရပ်ထားဘဲ၊ ဘ၀မှာ ကိုယ့်ဘာသာ အမြဲလေ့လာ သင်ယူနေကြရမည်။ ထိုမှသာ အပြောင်းအလဲများနှင့်အညီ ကျမတို့ ရွေ့လျားနိုင်မည်၊ လေ့လာသင်ယူသောအခါ စာအုပ်များမှသာမက ကျမတို့ ဘ၀များမှာ ကြုံတွေ့နေရတာတွေမှလည်း ဗဟုသုတ၊ အသိပညာ၊ တွေးစရာတွေ ရနိုင်သည်ဟု ကျမယုံကြည်သည်။
ခရီးသွားရင်း လေ့လာသင်ယူ
ခရီးများများထွက်တဲ့အခါ တခြားနေရာတွေမှာ လက်တွေ့ ဘယ်လိုတွေ ဖြစ်ပျက်နေလဲဆိုတာ သိရှိနိုင်မယ်၊ ဗဟုသုတရနိုင်မယ် ဟု ကျမကို စာသင်ခဲ့သော ပရောဖက်ဆာ တစ်ယောက်က ပြောခဲ့သည်။ သြစတြေးလျ နိုင်ငံသားဖြစ်သော သူ့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ကို သွားရောက် လည်ပတ်ပြီးမှ ဆင်းရဲခြင်းဆိုတာရဲ့ အဓိပ္ပါယ်ကို သေချာနားလည် သိရှိသွားတယ် ဟု သူက ဆက်ပြောခဲ့သည်။
သူပြောတာကို နားထောင်ရင်း ကျမသွားခဲ့သော ခရီးစဉ်တွေအကြောင်း စဉ်းစားမိသည်။ လှပသော ရှုခင်းများ၊ နေရာ အသစ်အဆန်းများကို မြင်ရ ကြည့်ရတာ နှစ်သက်မိသော်လည်း ကျမအတွက် အမှတ်တရ အဖြစ်ဆုံး ခရီးစဉ်များက သွားရင်း လာရင်း ကြုံတွေ့ရသော တက္ကစီမောင်းသူများ၊ ဈေးရောင်းသူများ၊ ဟိုတယ်မှ ၀န်ထမ်းများ၊ ကျမလို ခရီးသွားဖော်သွားဖက်များနှင့် စကားစမြည်ပြောရင်း သူတို့ဘ၀တွေအကြောင်း လေ့လာခွင့်ရခဲ့သော ခရီးစဉ်မျိုးဖြစ်သည်။
ပုဂံကို ကျမ အလည်သွားတုန်းက အင်္ဂလိပ်စာကြောင်းတချို့ကို ပီပီသသနှင့် ပြောနေသော မြင်းလှည်းသမား ဦးလေးကြီးကို တွေ့ဖူးသည်။ သူ့ကို အင်္ဂလိပ်စာ ဘယ်လိုလေ့လာလဲ ဟုမေးကြည့်တော့ သူက တိုးရစ်ဂိုက်တွေ ပြောတာတွေကို မှတ်ထားပြီး ပြန်ပြောတာဟု ရှင်းပြသည်။ သူသိသော အင်္ဂလိပ်စာကြောင်း အသုံးအနှုံးက အနည်းငယ်သာဖြစ်သည်။ သို့သော် သူ့အတွက် အသုံးဝင်နေပုံရသည်။ နိုင်ငံခြားသားများက ပြန်ပြောလျှင်လည်း အကုန်နားမလည်တောင် တစ်လုံးစ နှစ်လုံးစနှင့် အလုပ်ဖြစ်သည်။ အတန်းပညာပြီးဆုံးအောင် မသင်ခဲ့ရသော်လည်း အလုပ်ကပေးသော ကျွမ်းကျင်ရာ လိမ္မာဆိုတာမျိုးလို အင်္ဂလိပ်စာကို သူ့အတွက် အလုပ်ဖြစ်လောက်အောင်တော့ ယဉ်ပါးသွားသည်။
ထိုင်းနိုင်ငံမှာ လာလုပ်သော မြန်မာအလုပ်သမားများကို ကြည့်လျှင်လည်း ထိုင်းစကားကို အလျှင်အမြန် တတ်ကျွမ်းသွားတတ်ကြသည်။ ထိုင်းလိုသာ အဓိကပြောသော အောက်ခြေအလုပ်အကိုင်နေရာများတွင် သူတို့အတွက်က ထိုင်းလို မပြောတတ်လို့ မဖြစ်။ သူတို့ကိုကြည့်ပြီး လူဆိုတာ တကယ်တော့ တခုခုကို မလုပ်ရင် သူတို့စားဝတ်နေရေး ဘ၀အစိတ်အပိုင်းကို ထိခိုက်လာနိုင်မယ်ဆိုရင်တော့ ထိုအရာကို မဖြစ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိကြတာပဲဟု ကျမက ကောက်ချက်ချမိသည်။
ဗီယက်နမ်နိုင်ငံကို ကျမခရီးသွားတုန်းက tour group နှင့် လိုက်ပါဖူးသည်။ ကျမတို့အဖွဲ့တွင် အင်္ဂလိပ်လူမျိုးနှစ်ဦးနှင့် ဂျာမန်စုံတွဲတို့ ပါဝင်သည်။ အင်္ဂလိပ် လူမျိုးနှစ်ဦးက အသက် ခြောက်ဆယ်ကျော်ပေမယ့် နုပျိုသန်မာဆဲဖြစ်သော အငြိမ်းစား ဆရာဝန်နှင့် အင်ဂျင်နီယာတို့ ဖြစ်သည်။ သူတို့လက်မောင်းများမှာ ဆေးမှင်ကြောင် ထိုးတာတာများကို ကျမကို ပြသည်။ သူတို့ ငယ်စဉ်တုန်းက Harley Davidson လို ဆိုင်ကယ်ကြီးများကို အဖွဲ့လိုက်စီးပြီး သုံးလေးရက်လောက် ဆက်တိုက် ခရီးသွားကြကြောင်းလည်း ပြောပြသည်။ သူတို့နှင့် မတွေ့ခင်က ထိုသို့ ဆေးမှင်ကြောင်ထိုးပြီး ဆိုင်ကယ်စီးသူများကို ရုပ်ရှင်တွေထဲမှာသာ ကျမ မြင်ဖူးခဲ့သည်။ ရုပ်ရှင်ထဲမှ လူများက ရုပ်ရည် ကြမ်းတမ်းကြသည်။ မြင်လိုက်လျှင် ကြောက်စရာ။ အမြဲဆဲဆိုနေတတ်သည်။ ကျမကြုံရသော လူကြီးနှစ်ဦးကတော့ မျက်နှာ ဖော်ရွေရုံ သာမက စကားပြောတာလည်း ခင်မင်စရာ ကောင်းသည်။ ဆိုင်ကယ်စီးပြီး ဆေးမှင်ကြောင် ထိုးထားတိုင်း လမ်းသရဲတွေပဲဟု ကျမတို့ သမားရိုးကျ မတွက်နိုင်ကြောင်း ကျမလက်တွေ့ သိလိုက်ရသည်။
ဂျာမန်လူမျိုးယောက်ျားကတော့ ကျန်းမာရေးအာမခံ အပိုင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်သော ကုမ္ပဏီတွင်လုပ်သောကြောင့် သူတို့နိုင်ငံမှ ကျန်းမာရေး အာမခံစနစ်အကြောင်း၊ စင်္ကာပူနိုင်ငံမှ ပရိုက်ဗိတ် အာမခံ ကျန်းမာရေးစနစ်အကြောင်းတို့ကို စကားစမြည်ပြောဖြစ်ကြရင်း ဗဟုသုတတွေတိုးခါ ကျမ အမြင်ပိုကျယ်လာခဲ့သည်။
စာအုပ်များမှ လေ့လာသင်ယူ
ကျမက လူငယ်တိုင်းကို စာများများဖတ်ဖို့ အမြဲတိုက်တွန်းမိသည်။ စာဖတ်သောအခါ ဗဟုသုတရစေသည်။ အတွေးတခုခု ကျန်သွားစေသည်။
ဥပမာ ကျမ မရောက်ဖူးသော နိုင်ငံများမှ နာမည်ကြီးစာရေးဆရာများ၏ ဇာတ်လမ်းများတွင် ထင်ဟပ်နေသော လက်တွေ့ဘ၀များအကြောင်း ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဥပမာ … Ryszard Kapuściński ၏ အင်္ဂလိပ်ဘာသာပြန် “The Shadow of the Sun” တွင် ၁၉၅၇ မှ ၂၀၀၀ ခုနှစ် ၀န်းကျင်အတွင်း သတင်းထောက်အဖြစ် အာဖရိကတွင် နေထိုင်စဉ် အာဖရိကနိုင်ငံများမှ သူ့အတွေ့အကြုံများကို ရေးသားထားသည်။ ထိုစာအုပ်ကိုဖတ်ပြီး အာဖရိကလူမျိုးများ ဖြတ်သန်းခဲ့ ရတာတွေ၊ သူတို့၏ ဓလေ့စရိုက်တို့ကို သိရှိရသည်။
ပိုစ့်မော်ဒန်ဆန်ဆန် ရသစာပေများကို ရေးတတ်သော ဂျပန်စာရေးဆရာ Haruki Murakami ၏ “The Underground” အမည်ရှိ စာအုပ်ကိုဖတ်ဖူးသည်။ ထိုစာအုပ်က ၁၉၉၅ ခုနှစ် တိုကျိုမှာဖြစ်ခဲ့သော အစွန်းရောက် ဂိုဏ်းတခုက အဆိပ်ဓါတ်ငွေ့နှင့် မြေအောက်မီးရထားလိုင်းမှာ တိုက်ခိုက်ခဲ့တာကို တွေ့ကြုံခဲ့ရသူများနှင့် အင်တာဗျူး လုပ်ပြီး ရေးထားတာဖြစ်သည်။ သူ့စာအုပ်မှ ဂျပန်လူမျိုးတို့ ထားလေ့ရှိသော အမြင်သဘောထားများအကြောင်း သိရှိရသည်။
တခြား နာမည်ကျော် ဂျပန်စာရေးဆရာများဖြစ်သော Kenzuro Oe နှင့် Yoko Ogawa ရေးထားသော အင်္ဂလိပ်ဘာသာပြန် ၀တ္ထုစာအုပ်တချို့ကိုလည်း ဖတ်ဖြစ်သည်။ ဂျပန်စာရေးဆရာများ ရေးသောအကြောင်းအရာများက တခါတရံ နားလည်ရခက်သည်။ စိတ်ပိုင်းဆိုင်ရာအရ မှောင်မိုက်သည်။ သူတို့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဇာတ်လမ်းမျိုး ရေးတာ သိပ်မဖတ်ဖူးပေ။ သူတို့ ပတ်ဝန်းကျင်ကလည်း အဲလိုပဲ ဖြစ်နေသလားဟု တွေးမိသည်။
Steve Jobs လို အောင်မြင်သောသူများ၏ အတ္ထုပတ္တိများ၊ microcredit ကို သုံးပြီး ချေးငွေထုတ်ပေးသော စနစ်ကို တည်ထောင်ခဲ့သူ Muhammad Yunus က သူ့ အဖွဲ့အစည်းကို ဘယ်လိုတည်ထောင်ခဲ့ကြောင်း ရေးထားသော “Banker to the poor” ကိုဖတ်သောအခါ သူတို့ စိတ်ဓါတ်နှင့် သူတို့ လုပ်ဆောင်မှုတို့ကို အားကျ မိသည်။
နည်းပညာသုံးပြီး လေ့လာသင်ယူ
ဒစ်ဂျစ်တယ်ခေတ်ဖြစ်သော ယခုခေတ်တွင် အင်တာနက်ဟာ အဓိကနေရာမှာ ပါဝင်သည်။ ခုခေတ် လူငယ်တွေအတွက်လည်း အင်တာနက်ဆိုတာ နေ့စဉ်နီးပါး မသုံးမဖြစ်သော အရာတခု ဖြစ်လာသည်။ သို့သော် အင်တာနက်ကို အကျိုးရှိအောင် အသုံးချတတ်ဖို့ အရေးကြီးသည်။
အင်တာနက်ကို သုံးပြီး Google လို ဆိုဒ်တွေမှ အင်ဖော်မေးရှင်းတွေ ရှာနိုင်သည်။ BBC, CNN တို့လို သတင်း ဆိုဒ်တွေမှ သတင်းတွေ ဖတ်နိုင်သည်။ ကိုယ်ဖတ်ထားသမျှတွေ အပေါ် ပြန်လည် သုံးသပ်နိုင်သည်။ ဥပမာ Youtube လို ဆိုဒ်တွေမှာ သီချင်းတွေပဲ နားထောင်နေမယ့်အစား အမေရိကန်နိုင်ငံရှိ Massachusetts Institute of Technology လို နာမည်ကြီး တက္ကသိုလ်များမှ အခမဲ့တင်ပေးထားသော လက်ချာဗီဒီရိုများကိုလည်း ကြည့်နိုင်သည်။ e-book တွေ အခမဲ့ပေးသော ဆိုဒ်များမှ မြန်မာနိုင်ငံမှာ မရနိုင်သော စာအုပ်များကို e-book အဖြစ် ဖတ်နိုင်သည်။
လူတိုင်းအတွက် ဘ၀တစ်သက်တာမှာ လေ့လာသင်ယူသောအခါ အဓိကအကျဆုံး အချက်ကတော့ လေ့လာသင်ယူလိုစိတ် ရှိဖို့ပင်ဖြစ်သည်။ ကိုယ့်ဘာသာ ငါကတော့ အများကြီး တတ်နေပြီ ဆက်လေ့လာစရာ မလိုပါဖူးဆိုပြီး ထားလိုက်လျှင် ဆက် မတိုးတက်တော့ပဲ ကိုယ့်နောက်မှ တက်လာသူတွေက ကိုယ့်ကိုကျော်တက်သွားမည်။
“အသိပညာရဲ့ အဓိကရန်သူက အသိပညာမဲ့ခြင်း မဟုတ်ပါဖူး။ သိတယ် တတ်တယ်လို့ ထင်ယောင်နေခြင်း ပါပဲ” ဟု အင်္ဂလိပ်ပညာရှင် Stephen Hawking က ပြောဖူးသည်။ ဘ၀တသက်တာ လေ့လာသင်ယူဖို့ ကျမတို့ နားတွေ၊ မျက်စိတွေကို အမြဲဖွင့်ထားရမည်။ ကျမတို့ ဦးနှောက်ကို အမြဲလိုလို အလုပ်ပေးထားရမည်။ ဒါမှသာ အမြဲပြောင်းလဲနေသော ကမ္ဘာကြီးမှာ ကျမတို့တတွေ နောက်ကျမကျန်ခဲ့ပဲ ခေတ်နှင့် အညီလိုက်နိုင်နေမှာဖြစ်သည်။
ခင်နှင်းစိုး
၁၃ ဇူလိုင် ၂၀၁၂
(၁၉ ရက် ဇူလိုင်လ ၂၀၁၂ ထုတ် Venus News Journal တွင် ဖော်ပြပြီးဖြစ်သည်)
0 comments:
Speak up your mind
Tell us what you're thinking... !