Headlines News :
Home » » ပညာရေးအတွက် Tablet

ပညာရေးအတွက် Tablet

Written By MyanMar on Thursday | 2:14 PM


ပညာရေးအထောက်အကူဖြစ်စေဖို့ tablet လေး တစ်လုံးလောက် ဝယ်ပေးဦးမှဆိုတာ အနောက် တိုင်းသားတွေရဲ့ စိတ်ကူးဖက်ရှင်တစ်မျိုး ဖြစ်လာပြီလို့ ဆိုကြပါတယ်။ aနာက်နှစ်မှာ tablet ရောဂါ အပြင်းအထန် ထတဲ့နှစ် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အဖုံးနဲ့ အဖွင့် အပိတ် ကိုင်ရခက်တဲ့ laptop တွေကို မုန်းတီးလာကြတယ်။ ပေါ့ပေါ့ပါးပါး ယူဆောင်သွားလို့ရတဲ့ tablet တွေဟာ အနောက် နိုင်ငံကျောင်းတွေမှာ ခေတ်စားလာပါတယ်။ တိုးတက်တဲ့နိုင်ငံကြီးတွေမှာ 'laptop မပါရင် ကျောင်းမလာရ' ဆိုတဲ့ ကန့်သတ်ချက်တွေနေရာမှာ 'tablet မပါရင် ကျောင်းမလာရ' လို့ ပြင်ဆင်ရတော့မယ်ထင်ပါတယ်။

Tablet ပေါ်ခါစက ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ Angry Birds ကစားဖို့ YouTube ဗီဒီယိုတွေ ကြည့်ဖို့ မဟုတ်ပါဘူး။ အစောပိုင်းက stylus လို့ခေါ်တဲ့ ကလောင်တံလိုလိုဟာ ပါသလို Windows OS တွေပဲ သုံးကြတယ်။ ကလောင်တံလိုဟာက လက်မှတ်ထိုးဖို့၊ ဖောင်ဖြည့်ဖို့၊ မှတ်စုရေးဖို့ အသုံးကျခဲ့ပါတယ်။

အစောပိုင်း tablet တွေဟာ လုပ်ငန်းသုံးအတွက် အမှန်တကယ်ရည်ရွယ် ခဲ့တာ မဟုတ်ပါဘူး။ Windows နဲ့ touch စနစ်က အမှန်တော့ အဆင်မပြေဘူး။ ဒီလိုအဆင်မပြေဖြစ်နေချိန်မှာ လိုအပ်ချက်ကို ဖြည့်ပေးလိုက်တာက Apple ရဲ့ iPad နဲ့ Google ရဲ့ Android တွေ ဖြစ်ပါတယ်။ iPad နဲ့ Android ဟာ tablet လောကကို အရှိန်မြှင့် တင်ပေးလိုက်တဲ့ တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ပိုင်းမှာ သူတို့နိုင်ငံရဲ့ ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ ကျောင်းတွေမှာ tablet ကိုင်တာ စတိုင် တစ်ခုလို့တောင် ပြောရမလိုဖြစ်လာပြီ။ Tablet တွေ မှာ mobile-broadband တွေရလာသလို၊ ကုမ္ဋဏီတွေ ကလည်း အင်တာနက် service တွေကို အပြိုင်အဆိုင် free တွေ ပေးလာကြတယ်။

ပိုက်ဆံပေးသုံးရရင်လည်း တစ်လမှ ဒေါ်လာ ၂ဝ ကနေ ဒေါ်လာ ၈ဝ လောက်ပဲ ရှိတာဆိုတော့ သူတို့အတွက် အင်တာနက်ဆိုတာ ကလေးကစားသလောက်ပဲ ရှိတယ်။ ဒီငွေ ပမာဏကလည်း သုံးတဲ့ ပမာဏအပေါ် မူတည်ပြီး ကုန်ကျနိုင်တာကို ပြောတာ။

ကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေ ဆိုတာက Wi-Fi ကို free ပေးထားတာကြောင့် tablet တစ်လုံးလောက်ကို မရှိမဖြစ် ကျောင်းသားတွေကပူဆာ၊ ဆရာတွေကတောင်းဆို၊ မိဘတွေက ဝယ်ပေးဖို့ ကြိုးစားလာကြတာကြောင့် tablet ဟာ ဈေးကွက် ကြီးတစ်ခုကို အပိုင်ကိုင်ထားနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပညာရေးဆိုင်ရာ ဂိမ်းတွေကလည်း free ပေးထားတာ များလာတယ်။ သီချင်းတွေကို download ရတော့ နိုင်ငံခြားလေယူလေသိမ်းတွေ နားထောင်လာနိုင်တယ်။ စာအုပ်တွေ download ယူနိုင်တော့ အခြား ဗဟုသုဖြစ်ဖွယ်စာအုပ်တွေအပြင် ကိုယ်သင်ကြားနေရတဲ့ ဘာသာရပ်နဲ့ပတ်သက်ပြီး ပြဋ္ဌာန်း စာအုပ်တွေတောင် tablet ထဲ ထည့်ထားလို့ရတယ်။

ဒါကြောင့် ကျောင်းသွားရင် ဖတ်စာအုပ် တွေယူသွားရတယ်ဆိုတာ သူတို့နိုင်ငံတွေမှာ ခေတ်အောက် လာတယ်။ ပြဋ္ဌာန်းစာအုပ်ဆိုတာ ကိုးကားဖတ်ဖို့၊ ဆရာကသင်ဖို့ မဟုတ်ဘူးဆိုတဲ့ သဘောတရား တွေကိုလည်း သူတို့ နားလည်ထားကြတယ်။

နောက်ပိုင်းထွက်လာတဲ့ tablet တွေထဲမှာ Amazon ရဲ့ Kindle လို e-reader application တွေ ထည့်ပေးလာတာကြောင့် စာဖတ်ရတာပိုပြီး အဆင်ပြေလာတယ်။ အခြား e-reader တွေလည်း အများကြီး ထွက်လာတာကြောင့် အထောက်အကူတွေ ရပါတယ်။

အင်တာနက်ဆိုတာ သင်ယူလေ့လာဖို့ အကောင်းဆုံးကျောင်းတော်ကြီး၊ စာကြည့်တိုက် tool တစ်ခုအနေနဲ့ လူတိုင်းသဘောပေါက်လာချိန်မှာ အချိန်မရွေး၊ နေရာမရွေး သုံးလာနိုင်တဲ့ tablet တွေ ဟာ လူတိုင်းအတွက် ပညာရှာစရာ နေရာတစ်နေရာ ဖြစ်လာပါတယ်။ Google ကိုရတယ်၊ Wikipedia ကို ရတယ်ဆိုတာလောက်နဲ့ ပညာဘဏ်တိုက် သော့တစ်ချောင်းကို ပိုင်ဆိုင်နိုင်ပြီလို့ မှတ်ယူရမှာဖြစ်ပါ တယ်။

Tablet ခေတ်ဖြစ်လာပြီဆိုတော့ tablet ဝယ်ရင် ဘာတွေသတိပြုရမယ်ဆိုတာ လေးပြောချင် ပါတယ်။

Operating System

Tablet ဆိုရင် Apple ရဲ့ iPad လောက်ကိုပဲ လှမ်းမြင်ကြတယ်။ iPad မှာသုံးတဲ့ iOS ကလည်း တကယ် ကောင်းပါတယ်။ အသုံးလည်း လွယ်တယ်။ ဒီလိုပြောလိုက်လို့ iPad ကိုသုံးဖို့ပြောတာတော့ မဟုတ်ဘူး။ လူတိုင်း Mac ကိုသုံးတဲ့ သူတွေမဟုတ်တာ ကြောင့် သူ့ OS နဲ့ ရင်းနှီးမှာ မဟုတ်ပါဘူး။ များသော အားဖြင့် PC သုံးသူတွေဆိုတော့ PC နဲ့ ပတ်သက်တဲ့ OS တွေမှာပဲ ရင်းနှီးကြတာများတယ်။ ဒါကြောင့် PC ရဲ့ သဘောတရားတွေကိုကြိုက်ရင် Android OS ကို သုံးဖို့ အကြံပြုချင်တယ်။

Apple ရဲ့ App Store မှာလိုပဲ Google ရဲ့ Android Market မှာလည်း application ပေါင်းများစွာကို ရယူနိုင်ပါတယ်။ အချို့ application တွေဆိုရင် OS နှစ်မျိုးစလုံးမှာ သုံးနိုင်တာ တွေတောင်ရှိတယ်။

တကယ်လို့ Android OS ကိုသုံးမယ်ဆိုရင် tablet ကြီးကြီးဝယ်ဖို့ တိုက်တွန်းချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အခြားမီဒီယာတွေနဲ့ ချိတ်ဆက်တဲ့ port တွေနဲ့ slot တွေ ပူးတွဲ ပါလာတတ်လို့ပါ။ ဥပမာ USB, MicroSD နဲ့ HDMI port တွေကိုပြောတာ။ ဒီ port တွေပါတာက ကိုယ့် tablet နဲ့ တီဗွီချိတ်ဆက် တာမျိုးတွေမှာ အဆင်ပြေတယ်။ iPad ဝယ်ရင်တော့ ဒီလို အခွင့်အရေးမျိုးတွေ ရမှာမဟုတ်ဘူး။

Screen Size

OS ကို ဘာသုံးရမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် မြင်ကွင်း ဘယ်လောက်ရှိတဲ့ tablet ကို ဝယ်ရမလဲဆိုတာ စဉ်းစားသင့်တယ်။ ခုခေတ်မှာပေါ်နေတာတွေက ၁ဝ လက်မ မြင်ကွင်းတွေ။ စမတ်ဖုန်းလောက်ပဲ သုံးချင်တယ်ဆိုရင်လည်း ခပ်သေးသေး မြင်ကွင်းတွေထွက်နေပြီ။ ၇ လက်မ တွေလည်း ထွက်တယ်။ ၇ လက်မထက် ငယ်တာတွေလည်း ရှိတယ်။

ဥပမာ Samsung Galaxy Tab, HTC Flyer နဲ့ Dell Streak 5 တွေဆိုရင် ပိုက်ဆံအိတ်ထဲ ထည့်သွားလို့တောင် ရတယ်။ အိတ် ဆောင် အရွယ်တွေလည်း ထွက်တယ်။ ကျောင်းသားတွေအတွက် ဆိုရင်တော့ စာတွေဖတ်ရမှာ ဖြစ်တာကြောင့် screen ကြီးကြီး အနည်းဆုံး ၇ လက်မနဲ့ အများဆုံး ၁ဝ လက်မလောက်ကို တိုက်တွန်းချင်ပါတယ်။

အခြားစဉ်းစားစရာအချက်များ

Tablet ဝယ်ရင် အခြားစဉ်းစားစရာအချက်တွေ အများကြီး ရှိပါသေးတယ်။ တကယ်လို့ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ RIM ကထုတ်တဲ့ BlackBerry တွေကို အသုံးများတယ်ဆိုရင် BlackBerry PlayBook လို tablet မျိုးကိုဝယ်သုံးတာ ပိုပြီး အဆင်ပြေတယ်။ စာပို့ရတဲ့စနစ် BlackBerry Messenger ကို အားလုံး အသုံးပြုနိုင်လိမ့်မယ်။ အချို့ tablet တွေက အီးမေးလ် ပို့စနစ်တွေမှာ သူတို့ထည့်ပေးလိုက်တာမျိုးတွေကိုပဲ သုံးနိုင်အောင် လုပ်ပေးထားရင် ကိုယ်သုံးချင်တာနဲ့ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ ဒါကြောင့် အင်တာနက်၊ အီးမေးလ်နဲ့ Facebook အသုံးများမယ့်သူတွေ တွက်ဆပြီးမှ ကိုယ်နဲ့အဆင်ပြေတာကို ဝယ်သင့်တယ်။

Tablet ကို ကွန်ပျူတာတစ်ခုအနေနဲ့ သုံးချင်သူ တွေ ရှိကောင်းရှိမယ်။ ဒါကြောင့် touch screen ကို သုံးရတာ သဘောမကျတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီလိုလူမျိုးတွေ အတွက်ကတော့ ကီးဘုတ် dock ကို လိုရင်တပ်၊ မလိုရင်ဖြုတ်ထားနိုင်တဲ့ Asus ထုတ် Eee Pad Transformer TF101 လောက်ကို သုံးဖို့ အကြံပြုချင်ပါတယ်။ Android version 3 (Honeycomb) ဆိုတဲ့ OS ကို သုံးထားတဲ့အပြင်၊ notebook လိုရော၊ tablet လိုပါ နှစ်မျိုးသုံးနိုင်တဲ့အတွက် ဖြစ်တယ်။

Tablet ခေတ် ရောက်လာပြီဆိုပေမယ့် notebook ကို ဖယ်ထုတ်လို့ရဦးမှာတော့ မဟုတ်ပါဘူး။ အသုံးတည့်ခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်းဆိုတာတွေက နည်းပညာမှာ အစားထိုး နေရာဝင်ယူနေတာပါ။

လူတိုင်းဟာ နည်းပညာကို အားကိုးပြီး အလွယ်ဆုံး၊ အကောင်းဆုံး တွေကို မျှော်လင့်ခဲ့ကြပါတယ်။ ထုတ်လုပ်သူတွေကလည်း သုံးစွဲသူတွေကို အလိုလိုက်ပြီး အပါးဆုံး၊ အပေါ့ဆုံး၊ အမြင့်ဆုံးဆိုတာတွေချည်း ထုတ်လုပ်လာကြတယ်။

နည်းပညာလောကဆိုတာ အတက်အကျ သိပ်မြန်ပါတယ်။ ဆက်လက်ရှင်သန်နိုင်ရေး (survival) အတွက် အရမ်းအားထုတ် ရတယ်။ အသစ်ကိုမထွင်နိုင်ရင်၊ ခေတ်ကိုမမြင်နိုင်ရင် ပျောက်ကွယ် သွားတတ်တယ်။ ဒီနည်းနဲ့ နည်းပညာ လောကမှာ အသက်ထွက်သွားရတာတွေ အများကြီးပဲ။ ခုခေတ်မှာ ဖလော့ပီဆိုတာတွေ၊ diskette ဆိုတာတွေများ သုံးဖူးသူရှိသလားလို့ မေးလိုက်ရင်....။

တင်ညွန့်
(maukkha.org)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template