Headlines News :
Home » » နိုင်ငံတကာကပေးတဲ့ ပညာသင်ဆုတွေ

နိုင်ငံတကာကပေးတဲ့ ပညာသင်ဆုတွေ

Written By MyanMar on Monday | 1:18 PM


တော်လည်းတော်၊ ထက်လည်းထက်မြက်၊ လေ့လာသင်ယူချင်တဲ့ စိတ်ဓာတ်ရှိသူ ကျောင်းသားလူငယ်တွေအတွက် နိုင်ငံတကာကပေးတဲ့ ပညာသင်ဆုတွေ အများကြီး စောင့်ကြိုနေပါတယ်။
Scholars4dev.com မှာ ဂုဏ်သိက္ခာ အရှိဆုံး နိုင်ငံတကာ ပညာသင်ဆု ပရိုဂရမ် ၁ဝ ခုကို ဖော်ပြထားပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက စိတ်ပါဝင်စားတဲ့ ကျောင်းသူ ကျောင်းသားတွေ ဆက်သွယ်ကြပါလို့လည်း တိုက်တွန်းထားတယ်။ တကယ်လို့ ကိုယ်က ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသားတစ်ယောက် ဖြစ်တယ်ဆိုရင်၊ ကိုယ်တိုင်လည်း တော်တယ်၊ လေ့လာသင်ယူချင်စိတ် ပြင်းပြတယ်လို့ သတ်မှတ်ထားရင် အောက်မှာဖော်ပြထားတဲ့ ပညာသင်ဆု တွေကို လေ့လာကြိုးစား ကြည့်စေချင်ပါတယ်။
အစိုးရ ရန်ပုံငွေဖြင့် ပေးအပ်တဲ့ နိုင်ငံတကာ ပညာသင်ဆုများ
Fulbright Scholarships
ဒီပညာသင်ဆုဟာ အမေရိကန်အစိုးရနဲ့ နိုင်ငံပေါင်း ၁၅၅ နိုင်ငံ အပြန်အလှန် ကျောင်းသားများ လဲလှယ်ရေး အစီအစဉ်အရ ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ နှစ်စဉ် ပျမ်းမျှကျောင်းသား ၁၈ဝဝ လောက် ခေါ်ပါတယ်။ ထူးချွန်ထက်မြက်ပြီး Master သို့မဟုတ် PhD ဘွဲ့တွေကို အမေရိကန်မှာ ဆက်လက်ရယူလိုသူတွေ ဖြစ်မယ်။ ဒီပရိုဂရမ်က ပညာသင်နေစဉ် ကာလ တစ်လျှောက်လုံး အပြည့်အဝ ထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်တယ်။ ကျောင်းလခ၊ စာအုပ် စာတန်းကြေး၊ လေယာဉ်စရိတ်၊ နေထိုင်စား သောက်စရိတ်နဲ့ ကျန်းမာရေး စရိတ်တွေအား လုံး အလုံအလောက်ထုတ်ပေးတယ်။
Chevening Scholarships
ဗြိတိန်အစိုးရရဲ့ အထင်ကရ ပညာသင်ဆုပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံပေါင်း ၁၃ဝ ကျော်က ထူးချွန်ထက်မြက်တဲ့ ကျောင်းသား ပေါင်း ၁ဝဝဝ ခန့်ကိုပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ဗြိတိန်မှာ ဘွဲ့လွန် သင်တန်းတွေကို ဆက်တက်ရမှာဖြစ်ပါတယ်။ ဒီပညာသင်ဆု ကလည်း ကျောင်းလခ၊ လစဉ် နေထိုင် စားသောက်စရိတ်နဲ့ အခြား ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြည့်ပေးထားတယ်။ ဗြိတိန်နဲ့ အခြားနိုင်ငံ တကာသွားရောက်တဲ့ ခရီးစရိတ်တွေ ပါရတယ်။
Endeavour Awards
ဩစတြေးလျအစိုးရအနေဟာ နိုင်ငံတကာကျောင်းသားတွေကို ယှဉ်ပြိုင်စနစ်နဲ့ ပေးတဲ့ဆုဖြစ်တယ်။ အရည်အချင်း ရှိသူတွေကိုသာ ပေးတဲ့ ပရိုဂရမ်ဖြစ်ပြီး အာရှ-ပစိဖစ်၊ အရှေ့အလယ်ပိုင်း၊ ကရေဘီယံ၊ ဥရောပနဲ့ အမေရိကကျောင်းသားတွေ လျှောက်ထားနိုင်တယ်။ အထူးသဖြင့် ဩစတြေးလျမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြရတယ်။ ကျောင်းလခ၊ လစဉ်နေထိုင် စားသောက်စရိတ်၊ ခရီးသွားခွင့်၊ စာအုပ် စာတန်းကြေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိတယ်။
DAAD Scholarships
ဂျာမနီနိုင်ငံခြားရေးဌာနရဲ့ အစီအစဉ်နဲ့ ပညာသင်ကြားမှုဆိုင်ရာ လဲလှယ်ရေးအစီ အစဉ် (DAAD) အဖြစ် နိုင်ငံခြားသားတွေကို ပေးအပ်တဲ့ ပညာသင်ဆုဖြစ်တယ်။ ဘွဲ့ရပြီးသူတွေ၊ ပါရဂူဘွဲ့လိုချင်သူတွေ၊ သုတေသန ဆိုင်ရာလုပ်ငန်းများ လုပ်ချင်သူတွေ၊ လူငယ် ပန်းချီ၊ ဂီတ၊ ပါဖောင်းမန့်အနုပညာ လေ့လာချင်သူတွေအတွက် ပေးတဲ့ဆုမျိုးပါ။ ပညာသင်ဆုအလိုက် ထောက်ပံ့တဲ့ငွေ ပမာဏ ကွာခြားမှုရှိတယ်။ ခရီးသွားခွင့်၊ ဆေးကုသခွင့်၊ မတော်တဆ အာမခံ၊ ပုဂ္ဂလိက သို့မဟုတ် အစိုးရစာကြည့်တိုက်သုံးခွင့် တွေပါတယ်။ DAAD ဆုကို နှစ်စဉ် နိုင်ငံတကာကျောင်းသား ၇ဝဝဝဝ ကျော်ရွေးချယ် ပေးလေ့ရှိတယ်။
Swiss Government Scholarship
ဆွစ်ဇာလန်နိုင်ငံအစိုးရကပေးတဲ့ ဆုဖြစ်တယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ ပူးပေါင်းထားတဲ့ နိုင်ငံခြား ကျောင်းသားတွေကို ခေါ်ယူတယ်။ ဘွဲ့လွန် အတွက် ဆက်ပြီးကျောင်း တက်ချင်သူတွေနဲ့ သုတေသနလုပ်ငန်း လုပ်ဆောင် ချင်သူတွေအတွက် ဆွစ်ဇာလန်နိုင်ငံ တက္ကသိုလ်ကြီးတွေက ငွေကြေးထောက်ပံ့ပြီး အသိအမှတ်ပြုပေးတယ်။ လစဉ်ထောက်ပံ့ကြေး ဆွစ်ဇာလန်သုံးငွေ ၁၆ဝဝ မှ ၁၉၃ဝ အထိရရှိတယ်။ နှစ်စဉ် သင့်လျော်တဲ့ လျှောက်လွှာ ပေါင်း ၁ဝဝဝ ကို လက်ခံပြီး အဲဒီလျှောက်လွှာတွေထဲကမှ ၅ ပုံ ၁ ပုံ (၂ဝဝ) လောက်ကိုပဲ ပညာသင်ဆုရွေးချယ် ပေးလေ့ရှိတယ်။
Eiffel Scholarships
ပြင်သစ်အစိုးရကပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ နိုင်ငံခြားက အထက်တန်းလွှာ လူကုံထံတွေကိုပဲ ပေးလေ့ရှိတယ်။ ပြင်သစ်နိုင်ငံမှာ မာစတာတန်း၊ အင်ဂျင်နီယာဘွဲ့နဲ့ PhD ဘွဲ့တွေလာရောက်သင်ကြားဖို့ မက်လုံးပေးထားတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ အီဖဲလ်ပရိုဂရမ်ဟာ ကျောင်းလခကို အလုံအလောက် မထောက်ပံ့ပါဘူး။ ဒါပေမယ့် လစဉ် ခရီးသွားခွင့်၊ ဆေးကုသခွင့်၊ တည်းခိုနေထိုင်ခွင့်တွေကိုတော့ ပေးထား တယ်။ နှစ်စဉ် ကျောင်းသား ၄ဝဝ လောက် ပဲခေါ်တယ်။
တက္ကသိုလ်များမှပေးအပ်တဲ့ နိုင်ငံတကာ ပညာသင်ဆုများ
Rhodes Scholarships
Cecil Rhodes ဆိုသူက ၁၉ဝ၂ ခုနှစ် ကတည်းက ထူထောင်ထားခဲ့တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ပညာသင်ဆုတွေထဲမှာတော့ ရှေးအကျဆုံးဖြစ်သလို ဂုဏ်သိက္ခာ အရှိဆုံးဆုလို့လည်းဆိုနိုင်တယ်။ ဘွဲ့လွန်အတွက် အဓိကထားပြီးတော့ ရွေးချယ်ခံရတဲ့ ကျောင်းသား တွေဟာ တကယ့်လက်ရွေးစင်တော်သူ တွေဖြစ်ရပြီး၊ အောက်စ်ဖို့်ဒ်တက္ကသိုလ်လို ကျောင်းမျိုးမှာ တက်ရောက် ပညာသင်ယူစေပါတယ်။ ကျောင်းစရိတ်အားလုံး လောက်နီးပါး တာဝန်ယူတယ်။ နေထိုင်စားသောက် စရိတ်၊ ဆေးကုသခွင့်၊ နိုင်ငံခြားက လာတဲ့ လေယာဉ်စရိတ်တွေ အားလုံးထောက်ပံ့တယ်။ နှစ်စဉ် ကျောင်းသား ၈၅ ဦးပဲရွေးချယ်တယ်။
Gates Cambridge Scholarships
ပညာသင်စရိတ် အပြည့်အဝပေးပြီး ဘွဲ့ရကျောင်းသားတွေအနေနဲ့ သုတေသနလုပ်ငန်းတွေကို လုပ်ကိုင်ကြရ တယ်။ အထူးသဖြင့် ကင်းဘရစ်ခ်ျတက္ကသိုလ်က ချမှတ်ပေးတဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင် ကြရ တယ်။ ကမ္ဘာ့မည်သည့်နိုင်ငံက ကျောင်းသားတွေအတွက်မဆို လမ်းဖွင့်ပေးထားတယ်။ ကျောင်းစရိတ်၊ အဆောင်စရိတ်၊ လေယာဉ်ခနဲ့ အခြား အာမခံကြေးတွေအားလုံး အပြည့်ပေးထားတယ်။ နှစ်စဉ် ကျောင်းသား ၁ဝဝ လောက်ပဲခေါ်တယ်။ နှစ်စဉ် ကျောင်းသားအရေအတွက် ပြောင်းလဲမှုရှိတယ်။
အဖွဲ့အစည်းများမှ ပေးအပ်တဲ့ နိုင်ငံတကာ ပညာသင်ဆုများ
Heinrich Boll Foundation Scholarships
နှစ်စဉ် ထူးချွန်တဲ့ကျောင်းသား ၁ဝဝဝ လောက်ကို ရွေးချယ်ခေါ်တယ်။ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ‌ဒေါက်တာဘွဲ့တွေကို ဘာသာစုံအတွက် ဆက်လက်လေ့လာနိုင်စေဖို့ဖြစ်တယ်။ ဂျာမနီနိုင်ငံကပေးအပ်ချီးမြှင့်တဲ့ ဘွဲ့တွေကို ရရှိမှာ ဖြစ်တယ်။ မာစတာတန်း ဆက်တက်သူတွေအတွက် တစ်လကို ယူရို ငွေ ၇၅ဝ ချီးမြှင့်တယ်။ ‌ဒေါက်တာဘွဲ့ ဆက်ယူမယ့်သူတွေအတွက် တစ်လ ယူရို ငွေ ၁ဝဝဝ ချီးမြှင့်တယ်။
Rotary Foundation Global Study Grants
သီးခြားဆန်တဲ့ဆုဖြစ်ပါတယ်။ Rotary ကလပ်အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်အဖြစ် အဆိုပြု ခြင်းခံရသူတွေထဲက ရွေးချယ်ပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်ရင် ဘယ်နိုင်ငံကမဆို လျှောက်ထားခွင့်ရှိတယ်။ ကလပ်အဖွဲ့ဝင်နိုင်ငံပေါင်း ၇ဝ လောက်ရှိတယ်။ ပညာသင်ကြားစဉ်ကာလတစ်လျှောက်လုံး အပြ့အဝ ငွေကြေးထောက်ပံ့ပေးတယ်။
မြန်မာကျောင်းသားများ ထူးချွန်အောင်မြင်ကြပါစေ။
တင်ညွှန့်
(maukkha.org)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Proudly powered by Blogger
Copyright © 2011. 123 - All Rights Reserved
Template Design by Creating Website Published by Mas Template